လူမှုဆက်ဆံရေးနယ်ပယ်မှာ အားလုံးက ၀န်းရံကြရသူတွေရှိသလို ဝေးဝေးရှောင်ကြရတဲ့လူတွေလည်း ရှိတတ်ပါတယ်။ သူတို့နဲ့ ရင်ဆိုင်တွေ့ဆုံမယ့်အစား ရှောင်သွားဖို့၊ ဖုန်းဆက်စကားပြောမယ့်အစား စာပဲပို့လိုက်ဖို့၊ တတ်နိုင်သမျှ သူတို့နဲ့ အချိန်မဖြုန်းမိဖို့ သတိထားတတ်ကြပါတယ်။ သူတို့ရောက်လာပြီဆိုရင် အားလုံးစုဝေးပြောဆိုနေတဲ့ စကားဝိုင်းက လူစုကွဲသွားတာမျိုးအထိဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးကို ပြည်သူ့ချဉ်ဖတ်လို့ ခေါ်ဆိုတတ်ကြပါတယ်။ ဒီလို အားလုံးက ဝေးဝေးရှောင်ကြတဲ့ ချဉ်ဖတ်တွေရဲ့လက္ခဏာ (၆)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အရာအားလုံးကို အလိုမကျညည်းညူတတ်ခြင်း
သူတို့အတွက် ဘယ်အရာမှ ကောင်းတာမရှိပါဘူး။ ဒေါ်လာ(၁)သန်းပါတဲ့ လက်ဆွဲသေတ္တာတစ်လုံးပေးလိုက်မယ်ဆိုရင်တောင် လေးတယ်ဆိုပြီး ညည်းညူတတ်သူတွေဖြစ်ပါတယ်။ သူတို့အတွက် ဘယ်လောက်ပဲကောင်းတာတွေလုပ်ပေးပေး သူတို့က ဘယ်တော့မှ အလိုကျမှာမဟုတ်ပါဘူး။
၂။ ရမ်းသမ်း ဆုံးဖြတ်တတ်ခြင်း
နေ့စဉ်နဲ့အမျှ လူတိုင်းချမှတ်နေကြရတဲ့ ပုံမှန်ဆုံးဖြတ်ချက်တွေက ပြဿနာမဟုတ်ပါဘူး။ အားလုံးကချဉ်တဲ့သူတွေကတော့ အကြောင်းကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး ဘာကိုမှဂကဏနမသိသေးပဲ အမြန်ဆုံးဖြတ်တတ်ကြပါတယ်။ အချက်အလက်စုံအောင် နားမထောင်တတ်ပဲ သူတို့အထင်နဲ့ သူတို့ တဇွတ်ထိုးဆုံးဖြတ်တတ်ကြပါတယ်။
၃။ လုံးဝ နားမထောင်တတ်ခြင်း
ဒီလို ချဉ်ဖတ်တွေနဲ့ စကားပြောတဲ့အခါမှာ သင်နောက်ထပ်ဘာပြောမလဲဆိုတာကို ကြိုတွေးနေတတ်ကြပြီး သူတို့က ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာကိုပဲ စဉ်းစားနေတတ်ကြပါတယ်။ သင်ပြောနေတဲ့အချိန်မှာ သူတို့တွေးနေတာကြတာကြောင့် သင်ပြောသမျှကို နားထောင်နေတာမဟုတ်ပါဘူး။ သူတို့က ကိုယ့်အကြောင်းပဲကိုယ်တွေးတတ်ကြပါတယ်။
၎။ အလွန်အကျွံ ဝေဖန်ပြစ်တင်တတ်ခြင်း
ဝေဖန်မှုက စနစ်မမှန်ရင် တိုက်ခိုက်မှုပုံစံတစ်ခု ဖြစ်သွားတတ်ပါတယ်။ အားလုံးချဉ်တဲ့ ချဉ်ဖတ်လိုလူတွေကတော့ သူတို့ကိုယ်သူတို့ မြှင့်တင်ဖို့ အခြားတစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အလွန်အကျွံဝေဖန်တတ်ကြပါတယ်။ တကယ်တော့ ဝေဖန်အကြံပြုတာက လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ပေမယ့် အလွန်အကျွံဝေဖန်ပြစ်တင်လာပြီဆိုရင်တော့ စိတ်နာစရာတွေဖြစ်လာတတ်ပါတယ်။
၅။ ကိုယ့်အတွက်ပဲ စိတ်မကောင်းဖြစ်တတ်ခြင်း
ပြည်သူ့ချဉ်ဖတ်တွေက အခြားတစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို အမြဲအပြစ်တင်တတ်ကြပါတယ်။ စနစ်မကောင်းလို့၊ ခေါင်းဆောင်မကောင်းလို့၊ အချိန်မလောက်လို့ စသဖြင့် ပြစ်တင်တတ်ကြပြီး သူတို့ကပဲ ခံစားရသူတွေအဖြစ် အထင်ရောက်တတ်ကြပါတယ်။
၆။ လျို့ဝှက်ချက်တွေ မထိန်းသိမ်းခြင်း
ဘယ်သူကတော့ မပြောဖို့ပြောထားတယ်။ ဒါပေမယ့် ငါမင်းကို ပြောပြမယ်ဆိုတမျိုးနဲ့ စကားစပြီး အခြားလူတွေ ပြန်မပြောစေချင်တာတွေကို ဖောက်သည်ချတတ်ကြပါတယ်။ ဒီလိုမျိုး အတင်းပြောတတ်သူတွေကို မိတ်ဆွေ အဖြစ် ဆက်ဆံရတဲ့အခါမှာ အရမ်းသတိထားဖို့လိုပါတယ်။ ဒီလိုလူမျိုးကို သေချာကိုင်တွယ်တတ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ပါးစပ်ကထွက်တဲ့ အကြောင်းအရာတွေကို လိုက်ထိန်းချုပ်ဖို့ မဖြစ်နိုင်တာကြောင့်ပါ။
သင်နဲ့ ပေါင်းသင်းဆက်ဆံနေသူတွေဟာ သင့်ဘ၀အောင်မြင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်သူတွေပဲ ဖြစ်သင့်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြခဲ့တဲ့အချက်တွေရှိတဲ့ လူ့ချဉ်ဖတ်တွေကို ရှောင်ရှားပြီး မိတ်ဆွေကောင်းတွေနဲ့ ၀န်းရံထားပါလို့ တိုက်တွန်းလိုက်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================
အားလုံးကချဉ်တဲ့သူတွေရဲ့ လက္ခဏာ(၆)ခု