တစ်ဘ၀လုံးအမြင်တွေကြည်လင်လှပဖို့ မျက်ကြည်လွှာအတုတပ်ဆင်ကြမလား ?

ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့တစ်ခုက မျက်ကြည်လွှာအတုတစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီမျက်ကြည်လွှာအတုဟာ မျက်ကပ်မှန်တွေ၊ မျက်မှန်တွေတပ်စရာမလိုပဲနဲ့ ဘ၀တစ်လျှောက်လုံး အမြင်အာရုံကို သာမန်အမြင်အာရုံထက် (၃)ဆ ပိုကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီမျက်ကြည်လွှာအတုကို Ocumetics Technology Corp က ဒေါက်တာ Garth Webb ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က တီထွင်ခဲ့တာဖြစ်ပါတယ်။ Ocumetics Technology Corp ဟာဆိုရင် အမြင်အာရုံ အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ မျက်မှန်နဲ့ မျက်ကပ်မှန်တွေကို ဘယ်တော့မှသုံးစရာမလိုအောင် ရည်ရွယ်ပြီး တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ အခုတီထွင်လိုက်တဲ့ မျက်ကြည်လွှာအတုကို Ocumetics Bionic Lens လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ(၃)သန်း အကုန်အကျခံကာ (၈)နှစ်ကြာအောင် သုတေသနပြုလုပ်ခဲ့ရပါတယ်။

Ocumetics ၀က်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ အခုတီထွင်လိုက်တဲ့ မျက်ကြည်လွှာအတုကို နာကျင်မှုမရှိပဲ (၈)မိနစ်အတွင်း သင့်မျက်လုံးထဲကို ထည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုအစားထိုးထည့်သွင်းမှုဟာ မျက်စိတိမ်စွဲခြင်းကို ခွဲစိတ်သလိုပဲ မူလမျက်ကြည်လွှာနေရာမှာ အစားထိုးလိုက်မှာဖြစ်ပါတယ်။ ဒါပေမယ့် မေ့ဆေး၊ ထုံဆေးတွေ အသုံးပြုစရာ၊ အချိန်အများကြီးပေးစရာမလိုပဲ အလွယ်တကူလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မျက်ကြည်လွှာအတုကို ထည့်သွင်းရာမှာ ခေါက်မုန့်တစ်ခုလို့ တစ်ဝက်ခေါက်ပြီး ပျော်ရည်တစ်မျိုးနဲ့အတူ ဆေးထိုးပိုက်နဲ့သွင်းကာ မျက်စိထဲကိုထည့်သွင်းမှာဖြစ်ပါတယ်။ နောက်ထပ်အချိန်(၁၀)စက္ကန့်လောက် အတွင်းမှာ မျက်ကြည်လွှာအတုက တစ်ဖြည်းဖြည်းရှင်းလင်းကြည်လင်လာမှာဖြစ်ပြီး အမြင်အာရုံကို အကောင်းဆုံးဖြစ်သွားစေမှာဖြစ်ပါတယ်။

ဒီမျက်ကြည်လွှာအတုဟာ ပုံမှန်မြင်နိုင်စွမ်းထက် သုံးဆပိုမြင်နိုင်စေမှာဖြစ်ပြီး (၁၀)ပေအကွာက နာရီကို သေချာမမြင်ရသူတစ်ဦးဟာ မျက်ကြည်လွှာအတုတပ်ဆင်ပြီးရင် ပေ(၃၀)က နာရီကို ကြည်လင်ပြတ်သားစွာ မြင်နိုင်မှာဖြစ်တယ်လို့ ဒေါက်တာ Webb ကပြောထားပါတယ်။ ဒီနည်းပညာဟာ တကယ်အလုပ်ဖြစ်မဖြစ် မသေချာသေးပေမယ့် မျက်လုံးအတွက် ဇီဝရူပဆိုင်ရာပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးလို့တော့ ပြောထားပါတယ်။

ဒီမျက်ကြည်လွှာအတုမှာ အခြားအားသာချက်တွေလည်းရှိနေပါသေးတယ်။ မျက်ကြည်လွှာအတု အစားထိုးထားခြင်းဖြင့် မျက်စိတိမ်စွဲတာ ဘယ်တော့မှဖြစ်တော့မှာ မဟုတ်သလို လေဆာသုံးခွဲစိတ်တာတွေထက်လည်း အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ အခုတီထွင်လိုက်တဲ့ မျက်ကြည်လွှာအတုကို တိရိစ္ဆာန်တွေမှာ အရင်ဆုံး စမ်းသပ်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာ မျက်မမြင်တွေမှာ စမ်းသပ်မယ်လို့ သိရပါတယ်။

ပထမဆုံး Ocumetics Bionic Lens မျက်ကြည်လွှာအတုကို (၂၀၁၇)ခုနှစ်မှာ အများပြည်သူအသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တစ်ခု သတိပြုရမှာက အသက်(၂၅)နှစ်မပြည့်သေးသူတွေမှာ မျက်စိတည်ဆောက်ပုံ မတည်ငြိမ်သေးတဲ့အတွက် အသုံးပြုလို့မရနိုင်ပဲ အသက်(၂၅)နှစ်အထက်ရှိသူတွေမှာသာ အစားထိုးထည့်သွင်း နိုင်မယ်ဆိုတာပါပဲ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Related Posts

%%footer%%