အောင်မြင်မှုအတွက် အရေးပါသည့် အအိပ်၊ အစားနှင့် ကိုယ်လက်လှုပ်ရှားမှု

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ သိပါသလား။ တစ်ပတ်မှာ နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်နေကြကို အချိန်မပေးနိုင်တော့တာကြောင့် မလုပ်တော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အလုံးစုံသော ပျော်ရွှင်မှုနဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုပါပဲ၊ ကိုယ်တိုင်ချက်ပြုတ်စားသောက်ရတာကို အလုပ်ရှုပ်လို့ အသင့်စား စားစရာတွေ အလွယ်စာတွေပဲ စားမယ်ဆိုရင် အချိန်ကုန်သက်သာလို့ ရရှိတဲ့ အကျိုးထက် တခြားဆိုးကျိုးတွေက ပိုများပါတယ်။ ဒါ့ကြောင့် အအိပ်အစားနဲ့ လေ့ကျင်းခန်းတွေဟာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အခြေခံအကြောင်းတရားတွေဖြစ်ရတဲ့ အကြောင်းရင်း ၃ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ စားကောင်းသောက်ဖွယ်တွေက ခန္ဓာကိုယ်အတွက် အာဟာရဖြည့်ပေးနိုင်သလို စိတ်ဓါတ်ခွန်အားကိုလည်း ဖြည့်ဆည်းပေးပါတယ်။

တချို့သောအစားအစာတွေက သင့်ကို ပိုပြီးထက်မြက်စေတာကို သင်သိပါသလား။ စွန့်ဦးလူငယ်တွေအတွက် ဦးနှောက်ကျန်းမာရေးအတွက် သကြားမုန်လာ၊ ဘယ်ရီသီးအမျိုးမျိုး၊ ပရိုတင်းဓာတ်နဲ့ သစ်ကြားသီး စတာတွေကို စားသုံးပေးသင့်ပါတယ်။ ဒီစားစရာတွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ စားချိန် သောက်ချိန်မှန်ဖို့ကလည်း အရေးကြီးပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ မနက် ၇ နာရီနဲ့ ၇း၃၀ အတွင်းက မနက်စာစားဖို့ အကောင်းဆုံးဖြစ်ပြီး နေ့လည် ၁၂း၃၀ နာရီနဲ့ ၁ နာရီ အကြား၊ ညနေ ၆း၀၀ နာရီနဲ့ ၆း၃၀ နာရီအကြားတို့မှာ နေ့လည်စာနဲ့ ညစာတို့ စားသုံးဖို့ အသင့်တော်ဆုံးအချိန်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချိန်တွေအတိုင်း အတိအကျလိုက်နာဖို့က မဖြစ်နိုင်ပေမယ့် စားချိန်သောက်ချိန်နဲ့ ပတ်သက်ပြီး အကြမ်းဖျင်းအစီအစဉ်အဖြစ် အသုံးပြုနိုင်ပါတယ်။

၂။ အိပ်ရေးပျက်ခံအလုပ်လုပ်လို့ ရေရှည်အကျိုးမရှိပါဘူး။

ဘယ်လောက်အိပ်ရေးပျက်ခံပြီး အလုပ်လုပ်သလဲဆိုတာက ကြွားလို့ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဆက်တိုက် မအိပ်မနေပဲ အလုပ်လုပ်တာဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့ ရူးနှမ်းနှမ်းအကျင့်တစ်ခုပဲဖြစ်ပါတယ်။ အိပ်ရေးပျက်တာဟာ နောက်ပိုင်းအလုပ်တွေမှာ အလုပ်ပြီးမြောက်မှုကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေး၀၀ အိပ်စက်ခြင်းဟာ အောင်မြင်သူတိုင်းရဲ့ ပထမဦးစားပေးစာရင်းမှာ ပါဝင်ပါတယ်။ အိပ်ရေးပျက်တာဟာ ရေတိုမှာတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စိတ်ဝင်စားမှု၊ သင်ယူနိုင်စွမ်းနဲ့ အချက်အလက်ရယူစုစည်းနိုင်စွမ်းကို ထိခိုက်စေရုံသာမက မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေရရှိစေနိုင်ပါတယ်။ ရေရှည်မှာဆိုရင်တော့ အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါအမျိုးမျိုးထိဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင်သေဆုံးဖို့ အလားအလာကိုပါမြင့်တက်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေးပျက် အပင်ပန်းခံအလုပ်လုပ်နေတာက ရရှိမယ့်အကျိုးရလဒ်ထက် ဆိုးကျိုးက ပိုများတာကို သတိပြုသင့်ပါတယ်။

၃။ ခန္ဓာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက ကိုယ်ရောစိတ်ပါ လန်းဆန်းစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ပုံမှန်ထက်နှစ်ဆ အလုပ်ပြီးမြောက်နိုင်စွမ်းရှိစေတယ်လို့ ဘီလျံနာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်က ပြောထားပါတယ်။ ဟုတ်ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုဟာ အောင်မြင်မှုအတွက်အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အလုပ်များတဲ့ စွန့်ဦးလူငယ်တွေအတွက်ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေအစား အနည်းအကျဉ်းလှုပ်ရှားမှုလေးတွေနဲ့ စနိုင်ပါတယ်။ အလုပ်က လမ်းလျှောက်သွားတာတို့၊ ဓာတ်လှေကားအစား ရိုးရိုးလှေကားက တက်တာတို့ စတာလေးတွေ လုပ်ကြည့်နိုင်ပါတယ်။ ဒီကိုယ်လက်လှုပ်ရှားမှုတွေက စိတ်ဖိစီးမှုကို လျှော့ချပြီး ယုံကြည်မှုရှိလာစေနိုင်သလို အင်အားကိုလည်း တိုးပွားစေဖို့ အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%