မန်နေဂျာတစ်ယောက်ဖြစ်ချင်တာ သေချာပြီလား

မန်နေဂျာတစ်ယောက်ဖြစ်ချင်တာ သေချာပြီလား

လုပ်ငန်းခွင်ထဲမှာ ရာထူးတိုးမြှင့်ခံရတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေရှိပါတယ်။ ဒါတွေကတော့

၁။ ဘာတွေရင်းနှီးပေးဆပ်ရမလဲ သိထားပါ။

လုပ်ငန်းခွင်ထဲမှာ ရာထူးမြင့်လာတာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ လစာဝင်ငွေပိုကောင်းလာမယ်။ တာဝန်ယူလုပ်ဆောင်ရတာတွေ ပိုများလာတဲ့အတွက် ကျေနပ်စရာတွေ ရှိလာမယ်။ လူတွေကို ဦးဆောင်ခွင့်ရတာကလည်း ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ဝတ္တရားအသစ်တွေမှာ ရင်းနှီးကျွမ်းဝင်ပြီးသား အရာတွေကို စွန့်လွှတ်ပေးဆပ်ရတာက အမြဲရှိတတ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်ကို အခုကတည်းက ကြိုတွေးထားတတ်ဖို့လိုပါတယ်။ ရာထူးတိုးမြင့်ခံရတဲ့အခါမှာ စွန့်လွှတ်လိုက်ရတဲ့ အဓိက ဆုံးရှုံးမှုနှစ်ခုကတော့ အပေါင်းအသင်းစိတ်ဓာတ်နဲ့ ရိုးရှင်းမှု ပဲဖြစ်ပါတယ်။

အပေါင်းအသင်းစိတ်ဓာတ်

သင်က ရာထူးမြင့်သူတစ်ယောက်ဖြစ်သွားပြီဆိုရင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရင်လို အပေါင်းအသင်းစိတ်ဓာတ်ရှိနေဖို့ မလွယ်တော့ပါဘူး။ ရာထူးတူတဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း စိတ်ထဲက သိပ်ပြီးလက်ခံချင်စိတ်မရှိ ဖြစ်နေတတ်ပါတယ်။ သူတို့အကြောင်းကို ကြိုတင်လေ့လာထားပါ။ သင့်ကို ရာထူးတိုးခံလိုက်ရချိန်မှာ သင့်ရဲ့သစ္စာရှိမှုက လုပ်ဖော်ကိုင်ဖက်တွေပေါ်မှာထက် လုပ်ငန်းအပေါ်မှာ ပိုများလာပါလိမ့်မယ်။ ဒီအချက်ကပဲ အရင်က လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပျက်သွားစေတာဖြစ်ပါတယ်။ ဒီအခါမှာ နောက်ကွယ်မှာပဲဖြစ်ဖြစ်၊ ပေါ်တင်ပဲဖြစ်ဖြစ် သင့်ကိုစိတ်ပျက်တဲ့အမူအယာတွေကို ထုတ်ဖော်ပြသလာကြပါလိမ့်မယ်။ ဒီလိုအခြေအနေကို ရင်ဆိုင်နိုင်ပါသလား။ အဆိုးဆုံးကတော့ အကြောင်းတစ်ခုခုကြောင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးကို အလုပ်ထုတ်ရတာပါပဲ။ သင်လုပ်နိုင်ပါ့မလား။ လုပ်ငန်းရဲ့အကျိုးစီးပွားအတွက် လုပ်ဖော်ကိုင်ဖက်ကို ရင်းပစ်လိုက်နိုင်ပါ့မလား။ ဒါ့ကြောင့် ရာထူးမတိုးခင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရာထူးတိုးပြီးနောက်ပိုင်း ဆက်ဆံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒီတော့ ရာထူးအနေအထားတစ်ခုအတွက် အခုလိုလိုအပ်ချက်တွေကို အပြည့်အ၀ဖြည့်ဆည်းထားဖို့ ဆန္ဒရှိပါရဲ့လား။

ရိုးရှင်းမှု

ရာထူးတိုးမြှင့်ခံရပြီးတဲ့နောက်မှာ သင့်ပတ်ဝန်းကျင် လောကတစ်ခုလုံးက သင်ထင်ထားသလောက် ရိုးရှင်းတော့မှာ မဟုတ်ပါဘူး။ ပြောင်းလဲမှုတွေအများကြီးနဲ့ ကြုံတွေ့ရမှာပါ။ အရင်ကလို သိပ်အရေးမပါတဲ့ နေရာမှာ ထိုင်ပြီး အထက်လူကြီးတွေရဲ့ စီမံခန့်ခွဲမှုတွေကို ဝေဖန်ပြစ်တင်တော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆို သင်ကိုယ်တိုင်လည်း အထက်လူကြီးဖြစ်လာတာကြောင့်ပါ။ ဒါ့အပြင် အရင်ကလို ဖောက်သည်တွေသာ ပဓာန ဆိုတာမျိုးလောက်ပဲ ခေါင်းထဲထည့်ထားလို့လည်း မဖြစ်တော့ပါဘူး။ သင့်အနေနဲ့ ကုန်ကျစရိတ်တွေ၊ အရည်အသွေး၊ အစီအစဉ် နဲ့အခြားသော အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရာထူးတိုးမြှင့်ခံရပြီဆိုတာနဲ့ လုပ်ငန်းခွင်အတွင်း ရိုးရှင်းလွယ်ကူမှုတွေ ပျောက်ဆုံးသွားပြီး ရှု့ပ်ထွေးမှုတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက်ရော အဆင်သင့်ဖြစ်ပြီလား

စိုးရိမ်မှုကို အသုံးချပါ။

အစပိုင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိတတ်တာ သဘာဝပါပဲ။ ဒီလို ထိတ်လန့်တုန်လှုပ်မှုတွေကို ရင်ဆိုင်ဖို့ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ သူတို့ကို မျက်ကွယ်ပြုထားမလား၊ ဆက်သွယ်အသုံးချမလားဆိုတာပါပဲ။ ယုံကြည်မှုရှိသလိုဟန်ဆောင်တာက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တစ်ခုခုအလွဲတချော်ဖြစ်မှာ၊ ဝေဖန်ပြစ်တင်ခံရမှာကို စိုးရိမ်တာက သဘာဝပါပဲ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို လက်ခံပါ။ ပြီးမှ အားလုံးက လက်ခံနိုင်လာအောင် ကြိုးစားပါ။ သင့်ရဲ့ အားနည်းချက်တွေကို သိထားပြီး အားသာချက်တွေကို ပိုအသုံးချနိုင်အောင် အာရုံစိုက်ပါ။

လှုပ်ရှားဆောင်ရွက်မှုတိုင်းကို သတိပြုပါ။

ရာထူးမြင့်လာပြီဆိုတာနဲ့ သင်ပြောသမျှလုပ်သမျှကို ဂရုတစိုက်စဉ်းစားတတ်ဖို့ လိုပါတယ်။ သင့်ရဲ့ ကနဦးလှုပ်ရှားမှုက တစ်ဦးတည်း ရည်မှန်းချက်လား၊ ပူးပေါင်းဆောင်ရွက်မှုလား။ ကြည့်ကောင်းအောင် လုပ်မှာလား၊ တကယ်ကောင်းအောင် လုပ်မှာလား။ သေချာစဉ်းစားရမှာပါ။ သင့်ရဲ့ဦးတည်ချက်အတိုင်း အားလုံးကို ဖြစ်စေချင်တယ်ဆိုရင် သင့်ရဲ့ဦးဆောင်မှုက သင့်အပေါ်မှာပဲ အားလုံးမူတည်နေပါတယ်။ သင့်ရဲ့ နောက်လိုက်အဖွဲ့အပေါ်မှာ ယုံကြည်မှုမရှိရာရောက်ပါတယ်။ သင့်ရဲ့အခွင့်အာဏာကို တလွဲအသုံးချသလိုဖြစ်ပြီး လုပ်သင့်လုပ်ထိုင်တာထက် အများလေးစားခံရဖို့ကိုပဲ လုပ်နေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါတွေကပဲ သင့်ရဲ့တိုးတက်မှုကို အဟန့်အထားဖြစ်လာနိုင်ပါတယ်။

Related Posts

%%footer%%