အသန့်ကြိုက်သူတို့အတွက် သန့်ရှင်းရေးအကြံပြုချက်

အသန့်ကြိုက်သူတို့အတွက် သန့်ရှင်းရေးအကြံပြုချက်

သင်က အသန့်ကြိုက်ပါသလား ?

သင့်ပတ်ဝန်းကျင်ကရော အမှန်တကယ် သန့်ရှင်းနေပြီလို့ ထင်ပါသလား ?

ဟုတ်ပါတယ်။ သင့်ရဲ့အ၀တ်အစားတွေကို ရုပ်သိမ်းပြီးတာနဲ့ ခေါက်ထားတတ်တယ်။ အိပ်ရာထဲကို အစားအသောက်တွေ ယူသွားလေ့မရှိဘူး။ သွားလည်းပုံမှန်တိုက်မှာပါ။ ဒါပေမယ့် သင့်ပတ်ဝန်းကျင်က ပစ္စည်းတွေကို ဘယ်အချိန်က နောက်ဆုံးဖုန်သုတ်ခဲ့တာလဲ မှတ်မိပါသလား။ သတိထားကြည့်ပါ။ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး မိဘတွေဆီက၊ အခန်းဖော်သူငယ်ချင်းဆီ စသဖြင့် နီးစပ်ရာက သင်ယူထားသလောက်ပဲ လုပ်တတ်ကြပါတယ်။ အသန့်အပြန့်ကြိုက်တဲ့ အမျိုးသားတစ်ယောက်အတွက် အမှန်တကယ် သန့်ရှင်းနေဖို့အတွက် ဘာပစ္စည်းတွေကို ဘယ်အချိန်မှာ ဘယ်နှကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးရမယ်ဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

မျက်နှာသုတ်ပ၀ါများ

သုံးလေးကြိမ်သုံးပြီးတိုင်း လျှော်ဖွတ်ပါ။

သင့်ရဲ့ရေချိုးခန်းသုံး မျက်နှာသုတ်ပ၀ါတွေထက် သင့်ရဲ့ခန္ဓာကိုယ်အရေပြားနဲ့ ထိတွေ့တာ အခြားမရှိပါဘူး။ မျက်နှာသုတ်ပ၀ါတွေဟာ လုံလောက်တဲ့ခြောက်သွေ့မှုမရှိရင် အနံ့တွေ ထွက်လာတတ်ပါတယ်။ သင်က ချွေးထွက်များတဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ရာသီဥတုပူတဲ့ အခါမှာဆိုရင် ပိုပြီးတော့ လျှော်ပေးသင့်ပါတယ်။ လက်သုတ်ပ၀ါတွေကိုလည်း မမေ့ပါနဲ့။ သူတို့ကိုလည်း နှစ်ရက်သုံးရက်ကြာတိုင်း တစ်ခါ လျှော်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့လက်က ပိုးမွှားပေါင်း သန်းချီပြီးသယ်ဆောင်လာတတ်တာကြောင့် ဖြစ်ပါတယ်။

အိပ်ရာခင်းများ

သီတင်းပတ် တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာတိုင်း လျှော်ပါ။

သင် အ၀တ်တွေချွတ်ပြီး ကိုယ်တုံးလုံးအိပ်လေ့ရှိပါသလား။ အိပ်နေတုန်းမှာ ချွေးတွေ ထွက်လေ့ရှိပါသလား။ ခွေး ဒါမှမဟုတ် ကြောင်နဲ့ အတူအိပ်လေ့ရှိပါသလား။ ဒါတွေလုပ်ဖူးတယ်ဆိုရင်တော့ သင့်ရဲ့အိပ်ရာခင်းမှာ ချွေးတွေ၊ အရေပြားဆဲလ်သေတွေ၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ ပြည့်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာခင်းတွေကို မကြာခဏလဲမပေးဘူးဆိုရင် သင့်ရဲ့အရေပြားနဲ့ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

ရေခဲသေတ္တာ

လိုအပ်သလို အပေါ်ယံရှင်းလင်းရမှာဖြစ်သလို / လကို တစ်ကြိမ်သေချာသန့်ရှင်းရေးလုပ်ပါ။

ဟင်းသီးဟင်းရွက်တွေ၊ ဆော့စ်တွေနဲ့ ဟင်းချက်စရာတွေ ဘယ်နှစ်ကြိမ်လောက် ၀ယ်လေ့ရှိလဲဆိုတာပေါ်မှာ မူတည်ပြီး သင့်ရဲ့ရေခဲသေတ္တာကို ဂရုစိုက်ဖို့ လိုပါတယ်။ သုံးလေးလကြာတိုင်းမှာ အသေအချာဆေးကြော သန့်ရှင်းပေးရမှာ ဖြစ်ပါတယ်။ အသေအချာဆေးကြောသန့်ရှင်းတယ်ဆိုတာက စားစရာတွေကို ထုတ်၊ စင်လေးတွေ၊ အံဆွဲတွေနဲ့ အကန့်တွေ အားလုံးကို ဖြုတ်ပြီး ရေနွေးဆပ်ပြာရည်နဲ့ နှစ်မြုတ်ပွတ်တိုက်ဆေးကြော ရမှာဖြစ်ပါတယ်

ဖုန်စုပ်ခြင်း၊ တံမြက်စည်းလှည်းခြင်း

သီတင်းတစ်ပတ် သို့မဟုတ် နှစ်ပတ်ကို တစ်ကြိမ်လုပ်ပါ။

အစားအသောက်တွေ၊ ဖုန်မှုန့်တွေ၊ တိရိစ္ဆာန်အမွှေးတွေနဲ့ ပြင်ပကမ္ဘာက အညစ်အကြေတွေဟာ ကြမ်းပြင်မှာ အချိန်ခဏအတွင်း စုပုံလာနိုင်ပါတယ်။ သင့်အိမ်ကြမ်းပြင်းကို ကော်ဇောခင်းထားတာပဲဖြစ်ဖြစ်၊ အမာခံကြမ်းခင်းပဲဖြစ်ဖြစ် ဒီအခြေအနေကို ဂရုစိုက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တံမြက်စည်းလှည်းတဲ့အခါမှာ၊ ဖုန်စုပ်စက်နဲ့ စုပ်တဲ့အခါတိုင်းမှာ ပရိဘောဂပစ္စည်းတွေကို ဖယ်ရှားပြီး နေရာလွတ်မကျန်အောင် သန့်ရှင်းရေးလုပ်ပါ။

ဖုန်သုတ်ခြင်း

နှစ်လ တစ်ခါ လုပ်ဆောင်ပါ။

သတိပြုရမှာက သင့်မှာ ဖုန်နဲ့ဓာတ်မတည့်တဲ့ရောဂါရှိတယ်ဆိုရင် တစ်လတစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ နှစ်လလောက်မှ တစ်ခါ ဖုန်သုတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဖုန်သုတ်တဲ့အခါမှာ ရေစိုဝတ်တစ်ခုကို ရေနွေးနဲ့စိမ်ပြီး မျက်နှာပြင်အားလုံးကို ပွတ်တိုက်သန့်ရှင်းပေးရမှာ ဖြစ်ပါတယ်။ စင်တွေ၊ TV စက်ပစ္စည်းတွေ၊ တံခါးဘောင်တွေ၊ အထူးသဖြင့် မီးချောင်းတွေကအစ ဘယ်နေရာမှ မကျန်ခဲ့အောင် ဂရုတစိုက်ပွတ်တိုက်ပါ။

Related Posts

%%footer%%