ပျော်ရွှင်မှုကို ပျက်ဆီးစေမည့် အလေ့အကျင့်များ

ပျော်ရွှင်မှုကို ပျက်ဆီးစေမည့် အလေ့အကျင့်များ

[sg_popup id=”6″ event=”onload”][/sg_popup]

ကျွန်တော်တို့အားလုံးဟာ ပျော်ရွှင်မှုကို ရရှိပိုင်ဆိုင်နိုင်ဖို့ အစဉ်သဖြင့် ကြိုးစားနေတတ်ကြသူတွေ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း လုပ်ဆောင်သမျှ ရွေးချယ်မှုတိုင်းဟာ ကျွန်တော်တို့ ဘယ်လိုခံစားလဲ ဘယ်လိုစဉ်းစားလဲဆိုတာကို သက်ရောက်နေပါတယ်။ ပြီးတော့ အားလုံးအဆင်ပြေပျော်ရွှင်စေမယ့် အခြေအနေကို ရောက်ရှိစေနိုင်မယ့် ဆုံးဖြတ်ချက်တွေကိုပဲ လုပ်ဆောင်နေတယ်လို့ ယုံကြည်နေတတ်ကြပါတယ်။ စိုးရိမ်ထိတ်လန့်စရာကိစ္စတွေကို ရှောင်ရှားတတ်ကြပြီး အဆင်ပြေချောမွေ့နေတဲ့ ဘ၀ကိုပဲ ဖန်တီးချင်တတ်ကြပါတယ်။

ဒီနေရာမှာ ပြဿနာက ဘာလဲဆိုရင် တစ်ခါတစ်လေမှာ ကျွန်တော်တို့လုပ်ဆောင်လုပ်တဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေက မလိုချင်တဲ့ရလဒ်တွေကို ဖြစ်ပေါ်စေပြီး စိုးရိမ်သောကတွေကို တိုးပွားလာစေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ပျော်ရွှင်မှုကို ဖျက်စီးနိုင်တဲ့ အလေ့အကျင့်တွေကို မသိလိုက်မသိဘာသာနဲ့ မွေးမြူလုပ်ဆောင်နေတတ်ကြပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်မှုကို ဖျက်စီးနိုင်တဲ့ အလေ့အကျင့် (၁၀)ခုကို ပြင်ဆင်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။

၁။ မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဉ်နေခြင်း
မိမိကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်တာက တကယ်ကို မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါပဲ။ ဒီလို နှိုင်းယှဉ်နေမယ်ဆိုရင် ကိုယ်ပိုင်ဘ၀ကို မကျေမနပ်တွေဖြစ်လာတာပဲ ရှိပါလိမ့်မယ်။ တစ်ယောက်ယောက်ကို ကြည့်ပြီး သူ့မှာတော့ အလုပ်အကိုင်ကောင်းကောင်းရှိတယ်၊ ၀င်ငွေပိုကောင်းတယ်၊ ပိုပြီးဆွဲဆောင်မှုရှိတယ် စသဖြင့် တွေးနေဖို့က လွယ်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက ဒီလိုနှိုင်းယှဉ်မှုတွေက ဘယ်တော့မှ မျှတမှန်ကန်မှာ မဟုတ်တာပါပဲ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ အားလုံးဟာ သူမတူတဲ့လူသားတွေ ဖြစ်နေလို့ပါပဲ။ တစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့အရည်အချင်းတွေ၊ စိုးရိမ်မှုတွေ၊ စိတ်ဝင်စားမှုတွေ၊ အခြေအနေတွေရှိသလို ခြားနားတဲ့ ဘ၀အတွေ့အကြုံတွေ၊ လိုအင်ဆန္ဒနဲ့ ရည်မှန်းချက်တွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို အခြားလူတစ်ယောက်နဲ့ နှိုင်းယှဉ်မိနေပြီဆိုရင် ဘယ်သူ့မှ ပြီးပြည့်စုံမနေဘူးဆိုတာကို သတိရလိုက်ပါ။

၂။ ရှိပြီးသားအရာကို အသိအမှတ်မပြုခြင်း
ဘ၀အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်တော်တို့အားလုံးမှာ ကျေးဇူးတင်ထိုက်ပြီး အသိအမှတ်ပြုစရာတွေ အများကြီးရှိပါတယ်။ နေ့တိုင်း အသက်ရှုနေနိုင်တာကိုက ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ အများအကျိုးကို သယ်ပိုးနိုင်ဖို့၊ ဘ၀ရဲ့ပျော်ရွှင်မှုတွေကို တွေ့ရှိနိုင်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီလိုမျိုးမတွေးတတ်ဘူးဆိုရင် ကျွန်တော်တို့မှာ ရှိပြီးသားအရာတွေရဲ့ အရေးပါမှုနဲ့ တန်ဖိုးကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ အသိအမှတ်ပြုတတ်ခြင်းက ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့မှာ မရှိသေးတဲ့အရာတွေထက် ရှိပြီးသားအရာတွေရဲ့ တန်ဖိုးနဲ့ ခမ်းနားမှုတွေကို ပိုပြီး အာရုံစိုက်လာနိုင်စေမှာ ဖြစ်ပါတယ်။

၃။ အကြောက်တရား ဒါမှမဟုတ် အမုန်းတရားတွေကို လက်ကိုင်ထားခြင်း
အကြောက်တရားနဲ့၊ စိုးရိမ်သောကတွေက ကျွန်တော်တို့ကို စွမ်းရည်လျော့ကျစေတဲ့ အရာတွေဖြစ်ပါတယ်။ ကျရှုံးမှာကို ကြောက်တဲ့စိတ်က အိပ်မက်တွေအကောင်အထည်ပေါ်လာစေဖို့အတွက် အတားအဆီးဖြစ်ပါတယ်။ အမုန်းတရာကလည်း ထိုနည်းတူပါပဲ။ ဒေါသရဲ့လွှမ်းမိုးမှုကို ခံရပြီး မလိုမုန်းထားစိတ်နဲ့ အဆိုးမြင်စိတ်တွေထဲမှာ နစ်မျောနေစေတဲ့အရာဖြစ်ပါတယ်။ အမုန်းတရားပေါ်မှာအခြေခံတဲ့ ဆုံးဖြတ်ချက်တွေဟာ အရေးကြီးတာကို အာရုံမစိုက်နိုင်အောင် ဖြစ်စေနိုင်ပါတယ်။ အမုန်းတရားက ပျော်ရွှင်မှုအတွက် ဒဏ်ရာပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အကြောက်တရားနဲ့ အမုန်းတရာကို လက်လွှတ်လိုက်ပါ။ တရားထိုင်ခြင်းက ဒီအရာတွေကို စွန့်လွှတ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

၎။ အတိတ် ဒါမှမဟုတ် အနာဂတ်ကို အာရုံစိုက်ခြင်း
ကျွန်တော်တို့ရဲ့ အသိစိတ်ကို လွန်ခဲ့ပြီးသော အတိတ်နဲ့ မဖြစ်သေးတဲ့အနာဂတ်ကပဲ လွှမ်းမိုးထားမယ်ဆိုရင် လက်ရှိရှေ့တည့်တည့်မှာရှိနေတဲ့ အခွင့်အရေးနဲ့ ရရှိနိုင်မယ့် အတွေ့အကြုံတွေကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ လက်ရှိပစ္စုပ္ပန်မှာပဲ နေနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဘ၀ရဲ့ အံ့ချီးဖွယ်ရာတွေက ဒီအတိုင်းဖြတ်ကျော်သွားပါလိမ့်မယ်။ အတိတ်ကိုပဲ စွဲလမ်းနေတာက မဖြေရှင်းနိုင်ခဲ့တဲ့အရာတွေကြောင့် စိတ်ဆင်းရဲနေရမှာဖြစ်ပြီး အနာဂတ်ကိုပဲ အာရုံစိုက်လွန်းတာကလည်း မလိုအပ်ပဲ စိုးရိမ်စိတ်တွေ များလာစေပါတယ်။ လေ့လာမှုတွေအရ လက်ရှိအချိန်ကိုပဲ အာရုံစိုက်တတ်သူတွေမှာ ပိုမိုပျော်ရွှင်ရပြီး အခြားသူတွေနဲ့ ကောင်းကောင်းဆက်သွယ်နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လေ့ကျင့်ပါ။

၅။ မဖြစ်နိုင်တာကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း
ဘ၀က သူ့လမ်းကြောင်းနဲ့ သူရှိပြီးသားဖြစ်ပါတယ်။ သင်ဖြစ်ချင်တာတွေ မဖြစ်လာနိုင်သလို၊ မဖြစ်ချင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကို ဒီလိုမဖြစ်သင့်ဘူးလို့ ပြောလို့မရပါဘူး။ တစ်ခုသိထားရမှာက ကျွန်တော်တို့အနေနဲ့ အရာတိုင်းကို အမြဲတမ်း ထိန်းချုပ်နေလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အချိန်နဲ့ ခွန်အားတွေ အသုံးပြုပြီး အကောင်းဆုံးအစီအစဉ်တွေ လုပ်ဆောင်ခဲ့ရင်တောင်မှ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မှာပါ။ ဒီလိုအချိန်မှာ ဖြစ်သွားတာကို လက်ခံနိုင်ဖို့ လိုပါတယ်။ အရာအားလုံးကို အသေးစိတ်အထိ လိုက်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား ဘ၀ကို သဘာဝကျကျဖြတ်သန်းနိုင်ဖို့ ကြိုးစားပါ။ လွတ်လပ်မှုကို ခံစားကြည့်ပါ။

၆။ အပြစ်တင်ခြင်း
ကျွန်တော်တို့ရဲ့ ပြဿနာနဲ့ အခြေအနေတွေအတွက် အခြားသူတွေကို အပြစ်တင်နေတတ်တာကလည်း ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ ထိခိုက်ဖျက်စီးနိုင်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ အခြားသူတွေကို အပြစ်တင်လိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ လုပ်ဆောင်ချက်တွေအတွက် တာဝန်ခံမှုကို စွန့်လွှတ်လိုက်တာပါပဲ။ ကျွန်တော်တို့ရဲ့ အမှားလို့လက်မခံချင်တာကြောင့် အခြားတစ်ယောက်ကို ပုံချလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ခံစားရတာလည်း ပိုသက်သာလာတတ်ပါတယ်။ တကယ်လက်တွေ့မှာတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ကျွန်တော်တို့မှာပဲ တာဝန်ရှိတာဖြစ်ပါတယ်။ ဘယ်သူကမှ တာဝန်ယူမပေးနိုင်ပါဘူး။

၇။ ပိုင်ဆိုင်မှုတွေကို စွဲလမ်းခြင်း
သင့်ရဲ့ ကားအသစ်လေးက သင့်ကိုပြန်ချစ်မှာမဟုတ်ပါဘူး။ သင့်ရဲ့အိပ်ရာအသစ် ဒါမှမဟုတ် တန်ဖိုးကြီးနာရီကလည်း စိတ်ပျော်ရွှင်မှုကို ခဏပဲပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပိုင်ဆိုင်မှုတွေ အားလုံးက ငွေကြေးနည်းပါးတဲ့အချိန်မှာဆိုရင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကိုပဲ ပေးမှာဖြစ်ပါတယ်။ ငွေကြေးနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေနဲ့ ဘ၀ကိုတည်ဆောက်ထားမယ်ဆိုရင် စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။ လူတွေ၊ အတွေ့အကြုံတွေ၊ အိပ်မက်နဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းမှုတွေ၊ အချစ်နဲ့ ပျော်ရွှင်မှုတွေ အများကြီး ရှိပါသေးတယ်။ ငွေကြေးက မိမိကိုယ်ကိုနဲ့ အခြားသူတွေကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်တာ မှန်ပေမယ့် ချမ်းသာကြွယ်ဝဖို့တစ်ခုတည်းအတွက်ပဲ အာရုံစိုက်နေမယ်ဆိုရင် စိတ်ထဲ နှလုံးထဲက ဘာကိုတကယ်လိုချင်နေတာလဲဆိုတာကို မေ့သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို တည်ဆောက်ပါ။

၈။ အဆိပ်သင့်သူတွေနဲ့ ပေါင်းသင်းနေခြင်း
သင့်ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို အဆိပ်သင့်စေတဲ့ လူတွေနဲ့ အပေါင်းအသင်းဖြစ်နေတာကလည်း ပျော်ရွှင်မှုကို ပျောက်ဆုံးသွားစေမှာ ဖြစ်ပါတယ်။ အဆိုးမြင်သမားတွေက ဘ၀ရဲ့ပျော်ရွှင်မှုတွေကို ခိုးယူသွားတတ်ကြပါတယ်။ ဂရုမစိုက်ဘူးဆိုရင် သူတို့ရဲ့အဆိုးမြင်စိတ်တွေက သင့်ခံယူချက်ကို ညစ်နွမ်းသွားစေနိုင်ပါတယ်။ ဒီလူတွေက သင်ဘယ်လောက်ပဲ ကြိုးစားသည်ဖြစ်စေ၊ တကယ်တမ်း သင့်ကိုဂရုမစိုက်သလို ဘယ်တော့မှာလဲ အမှန်တကယ် ဂရုစိုက်လာမှာမဟုတ်ပါဘူး။ သင့်လုပ်သမျှ မကောင်းပြောနေတဲ့သူတွေ၊ လိုအပ်မှ အကူအညီလာရှာသူတွေ၊ သင့်ရဲ့စိတ်ဆန္ဒနဲ့ သီးခြားဖြစ်တည်မှုကို လေးစားမှုမရှိတဲ့သူတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဒီလိုလူတွေကြောင့် စိတ်ဓာတ်ကျမသွားစေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေပါစေ။

၉။ အချိန်ဆွဲခြင်း
ကျွန်တော်တို့ အားလုံးက မလုပ်ချင်တဲ့ကိစ္စတွေကို အချိန်ရွှေ့ဆိုင်းမယ်၊ ဆင်ခြေတွေပေးမယ် ဒါတွေကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် လုပ်စရာရှိတာကို မလုပ်ပဲ အချိန်ဆွဲတာ၊ အချိန်ရွှေ့ဆိုင်တာက အလေ့အကျင့်တစ်ခုဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့ ရေရှည်ပျော်ရွှင်မှုကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ဆွဲခြင်းအားဖြင့် စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အသုံးချနိုင်တဲ့ သင့်ရဲ့အဖိုးတန်အချိန်တွေနဲ့ ခွန်အားတွေကို ဖြုန်းတီးပစ်လိုက်သလိုပါပဲ။ တစ်ချက်လောက် ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် သင်ဖြုန်းတီးခဲ့တဲ့ အချိန်တွေအတွက် စိတ်ပျက်မိသလား၊ ဖြတ်သန်းခဲ့တဲ့နေရာတွေမှာ တန်ဖိုးနဲ့ ရည်မှန်းချက်တစ်စုံတစ်ရာရှိခဲ့လား၊ အရေးကြီးတဲ့ အခွင့်အရေးတွေ လက်ထဲကနေပဲ လွဲချော်သွားခဲ့လား ပြန်စဉ်းစားပါ။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ပဲ စလိုက်ပါ။

၁၀။ မိမိကိုယ်ကို အထင်သေးလွန်းခြင်း
မိမိကိုယ်ကို ဝေဖန်အကဲဖြတ်ခြင်းက အားနည်းချက်တွေကို သိမြင်စေပြီး အကောင်းဆုံးဖြစ်စေနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ ဒါမှမဟုတ် အထင်သေးလွန်းတာကတော့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့အတွေးတွေအားလုံးက သင့်ကို ထိခိုက်စေနိုင်ပြီး ပျော်ရွှင်မှုကို မမြင်နိုင်အောင် ဖုံးကွယ်ထားတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို အထင်သေးရတဲ့ အကြောင်းရင်းတွကိုဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဒီထက်ပိုကောင်းအောင်လုပ်နိုင်တာကို သိနေလို့ ကိုယ့်ကိုယ်ကို အားမရနေတာလား၊ အခြားသူတွေရဲ့ ထင်မြင်ချက်တွေ၊ စိတ်ဆန္ဒတွေနဲ့ အကဲဖြတ်မှုတွေက သင့်ကို လွှမ်းမိုးနေတာလား၊ စသဖြင့် ဆန်းစစ်ကြည့်ပါ။ သင် လိုချင်တာ ဘာလဲ၊ ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ၊ ဘာတွေကို စိတ်အားထက်သန်ပြီး ဘာတွေကို မကြိုက်တာလဲ၊ စသဖြင့် သင့်ကိုယ်သင် ပြန်ရှာတွေ့နိုင်ဖို့ လိုပါတယ်။ ခေါင်းထဲက အတွေးဆိုးတွေကို ထုတ်ပစ်လိုက်ပါ။ ကိုယ့်စိတ်နဲ့ကိုယ်ဖြစ်အောင်နေပါ။ ဒါတွေက ပျော်ရွှင်မှုဆီကို ရောက်ရှိစေမယ့် လမ်းတွေပဲဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine

++++++++++++++++++++++++++++++++++

 

 

%d bloggers like this: