[sg_popup id=”6″ event=”onload”][/sg_popup]အောင်မြင်မှုနဲ့ အလှမ်းဝေးစေမည့် အလေ့အကျင့် (၉)ခု

ဘ၀မှာ အောင်မြင်ဖို့အတွက် ဘာတွေလိုအပ်မလဲ? ပင်ကိုယ်အရည်အချင်း၊ အလုပ်ကြိုးစားမှု၊ ကံတရား ဒါမှမဟုတ် ဒါတွေအားလုံးပေါင်းစပ်ထားတာလား။ အောင်မြင်ရေးအတွက် ဘယ်လိုအလေ့အကျင့်တွေ ရှိရမယ်၊ ဘယ်လမ်းကြောင်းကို လိုက်ရမယ်၊ ဘယ်အရည်အချင်းတွေကို ကျွမ်းကျင်နေရမယ် စသဖြင့် ရေးသားထားတဲ့ စာအုပ်တွေကို ဖတ်ဖူးပေးမယ့်လည်း အခုချိန်ထိ သင့်အောင်မြင်မှုကို အစရှာမရဖြစ်နေပါသလား။ အောင်မြင်မှုက ဝေးကွာလွန်းတဲ့အိပ်မက်တစ်ခုလို့ ဖြစ်နေသေးပါသလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ အောင်မြင်ဖို့ ခက်ခဲနေရတာက အောက်ပါ အလေ့အကျင့်တွေကြောင့် ဖြစ်နိုင်ပါတယ်။

 

၁။ သွေးဆောင်ရလွယ်ပြီး အခြားသူတွေကို အလျှော့ပေးတတ်တယ်။

သင်က အလုပ်ကြိုးစားတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ စိတ်ကူးအကြံကောင်းတွေရှိပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက် ဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင်က အခြားသူတွေကို အလွယ်တကူလိုက်လျောတတ်သူဖြစ်နေမယ်ဆိုရင် သင့်ရဲ့အလားအလာက အပြည့်ဝဆုံး ထွက်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ သင်မလုပ်ချင်တာကိုလည်း လုပ်ခိုင်းတာ ခံရမယ်။ အပိုအလုပ်တွေလည်း ပိုလုပ်ရတာမျိုး ဖြစ်နေတတ်ပါတယ်။

 

၂။ အလုပ်တွေကို အချိန်ဆွဲတတ်တယ်။

အခက်ခဲဆုံးအလုပ်တွေကို နောက်မှလုပ်ဖို့ အမြဲတမ်းအချိန်ရွှေ့ဆိုင်းတတ်ပါသလား။ ကျွန်တော်တို့လည်း လုပ်လေ့ရှိပါတယ်။ ပျင်းစရာကောင်းတဲ့အလုပ်၊ စိန်ခေါ်မှုများတဲ့အလုပ်တွေက ကိုယ်ရော စိတ်ပါ အားထုတ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ “ဒါလေးမလုပ်ခင် တစ်ခုခုစားလိုက်ဦးမယ်။” “သီချင်းလေးနားထောင်လိုက်ဦးမယ်”၊ “မနက်ဖြန် စိတ်ထဲမှာလန်းဆန်းနေတော့မှပဲ ဒီကိစ္စကိုလုပ်တော့မယ်” စသဖြင့် အချိန်ရွှေ့ဆိုင်းတတ်ကြပါတယ်။ ဒီလိုမျိုး လုပ်စရာရှိတာတွေကို အချိန်ရွှေ့ဆိုင်းတာများရင် လက်ရှိအချိန်မှာရနိုင်မယ့် အခွင့်အရေးတွေကို လက်လွှတ်လိုက်ရပါလိမ့်မယ်။

 

၃။ ဆုံးဖြတ်ချက်မချနိုင်ဘူး။

ဘ၀နဲ့ချီပြီး အပြောင်းအလဲလုပ်ရမယ့် ဆုံးဖြတ်ချက်ကြီးတွေကို ဆိုလိုတာမဟုတ်သေးပါဘူး။ နေ့စဉ်ဘ၀မှာ ဆုံးဖြတ်ရွေးချယ်နေရတဲ့ ဆုံးဖြတ်ချက်အသေးလေးတွေကိုပဲ ပြောချင်တာပါ။ နေ့လည်စာကို ဘာဟင်းနဲ့စားရင် ကောင်းမလဲ၊ ဘယ်ဆိုင်သွားစားရမလဲ၊ ဘယ်ရုပ်ရှင်ကို ကြည့်ချင်တာလဲ၊ အစည်းအဝေးမှာ ဘယ်စိတ်ကူးကို တင်ပြရင်ကောင်းမလဲ စသဖြင့် အသေးစားဆုံးဖြတ်ချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးလေးတွေကိုတောင် ဆုံးဖြတ်ရခက်နေတတ်တယ်ဆိုရင် သင့်ရဲ့ခွန်အားနဲ့ အချိန်တွေကို ဘာရွေးရမလဲစဉ်းစားရင်း အလဟဿဖြစ်စေတာပဲ ဖြစ်ပါတယ်။ အောင်မြင်သူတိုင်း ကျွမ်းကျင်ကြတဲ့ကိစ္စကတော့ ဆုံးဖြတ်ချက်ချတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့လုပ်တာအတွက် တစ်ရာရာခိုင်နှုန်းသေချာလို့ ဆုံးဖြတ်ကြတာတော့မဟုတ်ပါဘူး။ အခြေအနေတစ်ခုရဲ့ အကျိုးအပြစ်ကို ချင့်ချိန်ပြီး အဆင်ပြေတာကို ရွေးချယ်လိုက်တာပါပဲ။ ရွေးချယ်မှုအတွက်လည်း နောင်တမရတတ်ကြပါဘူး။

 

၎။ အငြိုးအတေးထားတတ်တယ်

သင့်ကို တနည်းနည်းနဲ့ ထိခိုက်စေသူတွေကို အငြိုးထားပြီး လက်စားချေချင်တာက သင့်ရဲ့မာနသက်သက်ပါပဲ။ ဘယ်တော့မှလည်း ခွင့်လွှတ်နိုင်မှာ မဟုတ်သလို မေ့နိုင်မှာလည်း မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ပြန်ပြီး လက်တုံ့ပြန်ရဖို့ကိုပဲ စဉ်းစားနေတတ်ပါတယ်။ သင်ဖုန်းဆက်လို့ မကိုင်တဲ့သူက သင့်ဆီဖုန်းဆက်ရင် မကိုင်ပဲနေလိုက်ရမှ၊ အစည်းအဝေးမှာ သင့်အဆိုကို ဆန့်ကျင်တဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ အဆိုကိုလည်း တစ်နည်းနည်းနဲ့ ကန့်ကွက်နိုင်ဖို့ ကြိုးစားလိုက်ရမှဆိုရင်တော့ သင့်ရဲ့အချိန်တော်တော်များများက အလဟဿဖြစ်နေမှာပဲ ဖြစ်ပါတယ်။ အငြိုးအတေးထားပြီး မုန်းတီးနေရတာက အားထုတ်မှုအများကြီး လိုပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးသလိုဖြစ်ရုံမက မကောင်းတဲ့စိတ်ဓာတ်နဲ့ အင်အားတွေကြီးထွားလာစေတဲ့အတွက် အောင်မြင်မှုနဲ့အလှမ်းဝေးနေမှာပါပဲ။

 

၅။ အပန်းဖြေဖို့အတွက် အချိန်မယူဘူး

ထိပ်ဆုံးအောင်မြင်မှုကို ရရှိဖို့အတွက် ကျွန်တော်တို့အများစုက အားသွန်ခွန်စိုက် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး အားသွန်ခွန်စိုက်လုပ်တာက ပြဿနာရှိပါတယ်။ တစ်နေကုန် တစ်နေခမ်းအလုပ်လုပ်မယ်။ အသက်၀၀ရှုဖို့နဲ့ လုပ်နေတာတွေမှန်ကန်ရဲ့လားဆိုတာတောင် ဆန်းစစ်ဖို့ မရပ်မနားအလုပ်လုပ်မယ်။ သူငယ်ချင်းမင်္ဂလာဆောင်လည်း မသွားနိုင်၊ နောက်နေ့အလုပ်ရှိလို့ ပါတီတွေကနေလည်း စောစောပြန်၊ လုပ်ငန်းအတွက် ငွေစုဖို့ ခရီးတွေလည်း မသွားနိုင်ဖြစ်နေရင်တော့ အမှားကြီးမှားနေပါပြီ။ ဘ၀ရဲ့အကောင်းဆုံးစိတ်ကူးအကြံဉာဏ်တွေက ဘ၀ထဲကနေပဲ လာတာဖြစ်ပါတယ်။ စိတ်က လွတ်လပ်ပျော်ရွှင်နေမှသာ အကောင်းဆုံးအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

 

၆။ ကျန်းမာရေးကို ဂရုမစိုက်ဘူး

ကျန်းမာခြင်းသည့် လာဘ်တစ်ပါးဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ဂရုစိုက်မှုမရှိဘူးဆိုရင် အောင်မြင်ဖို့အတွက် အလားအလာကလည်း အပြည့်ဝဆုံးအခြေအနေထိ ရောက်လာမှာမဟုတ်ပါဘူး။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ စိတ်ဓာတ်ပြင်းထန်ပြီး အလုပ်တွေလုပ်နေရုံနဲ့ မရပါဘူး။ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်လည်း ရှိဖို့ လိုပါတယ်။ ကျန်းမာရေးမကောင်းရင် ရေရှည်မှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာမှာဖြစ်ပါတယ်။

 

၇။ ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းလွန်းတယ်

Facebook, Twitter နဲ့ Instagram တို့လို ဆိုရှယ်မီဒီယာတွေကို အလွန်အမင်း အသုံးပြုခြင်းက သင့်အလုပ်ကို တိုက်ရိုက်ကြီး သက်ရောက်မှုမရှိဘူးဆိုပေမယ့် အောင်မြင်မှုနဲ့အလှမ်းဝေးကွာသွားစေတဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုရှယ်မီဒီယာတွေကို လိုတာထက်ပိုသုံးမယ်ဆိုရင် အချိန်ကုန်စေရုံသာမက စိတ်သောကနဲ့ လူမှုရေးဖိအားတွေရဲ့ အရင်းအမြစ်ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။

 

၈။ အဆင်ပြေနေတာကို သဘောကျတယ်။

အလုပ်ထဲမှာ ပျော်ရွှင်နေတာက ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ အဆင်မပြေတာက အလုပ်ထဲမှာ အဆင်ပြေလွန်းနေတာဖြစ်ပါတယ်။ အလုပ်ထဲက လူတွေအားလုံးနဲ့ ခင်မင်ရင်းနှီးတယ်၊ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်တယ်၊ ဘာကိုမှစိုးရိမ်ပူပန်စရာမရှိ၊ ရုန်းကန်အားထုတ်စရာမရှိ၊ အခြေတကျနဲ့ အလွယ်တကူဖြစ်နေတယ်ဆိုပါစို့။ သင့်မှာ အခြားရည်မှန်းချက်ကြီးကြီးမားမားမရှိဘူးဆိုရင်တော့ ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် အောင်မြင်မှုတစ်ခုကို လိုလားမိတယ်ဆိုရင်တော့ အခုလို အရာရာအဆင်ပြေချောမွေ့နေတဲ့ Comfort Zone ထဲမှာ နေနေတာက ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

 

၉။ မစွန့်စားရဲဘူး

စွန့်လွှတ်စွန့်စားမှုမရှိပဲ ဘာကိုမှ မအောင်မြင်နိုင်ပါဘူး။ ပုံမှန်မရင်းနှီးမကျွမ်းဝင်တဲ့လမ်းကြောင်းတစ်ခုကို လျှောက်ဖို့ ကြောက်တာ၊ ခဲခက်တဲ့ရွေးချယ်မှုတွေကို လုပ်ဆောင်ဖို့ ကြောက်တာ၊ လူတွေပြောဆိုတာကို ခံရမှာ ကြောက်တာ၊ ကျရှုံးမှာကို ကြောက်တာ စသဖြင့် စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ပြည့်နေမယ်ဆိုရင် အောင်မြင်မှုဆိုတာ အဝေးကြီးမှာပဲ ရှိနေမှာပါ။ ဘ၀မှာ သာမန်ထက်ထူးခြားတဲ့အရာတစ်ခုကို ရရှိချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက သာမန်ထက်ထူးခြားတာတစ်ခုခုကို လုပ်ဖို့ပဲဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ဖို့ကလည်း လွယ်ကူမှာတော့မဟုတ်ပါဘူး။ စွန့်စားမှုဆိုတာ အောင်မြင်သူတွေရဲ့ ကျော်ဖြတ်ရမယ့် အရာတစ်ခုပါပဲ။

 

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်

Gentleman Magazine

____________________________________________________________________