[sg_popup id=”6″ event=”onload”][/sg_popup]ပြောသမျှစကား တည်နိုင်စေဖို့….

လူတွေက စကားတွေ အများကြီးပြောကြပါတယ်။ ပြောတဲ့အတိုင်း မဖြစ်တာကလည်း များပါတယ်။ လေးစားယုံကြည်ထိုက်တဲ့ ပုဂ္ဂိုဟ်နဲ့ အခြားသူတွေကို အဓိကကွဲပြားခြားနားသွားစေတဲ့အချက်က ပြောသမျှစကားကို တာဝန်ယူနိုင်ခြင်းပဲဖြစ်ပါတယ်။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုသလိုပါပဲ သင်ပါးစပ်က ထွက်လာတဲ့စကားတစ်လုံးစီတိုင်းအတွက် သင့်မှာတာဝန်ရှိပါတယ်။ လေးစားမှု၊ ဂုဏ်ပြုမှု၊ ယုံကြည်ကိုးစားမှု စတဲ့အရည်အသွေးတွေက လူတိုင်းမှာ ရှိနိုင်တာမျိုးမဟုတ်ပါဘူး။ ဒီလိုအရည်အသွေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြောတဲ့စကားကို ဆင်ခြင်နိုင်ရမှာဖြစ်ပါတယ်။ ပြောတဲ့အတိုင်း တည်တံ့အောင်၊ ဖြစ်မြောက်အောင် လုပ်နိုင်ဖို့လည်း လိုပါတယ်။

ဝေ့၀ိုက်မနေပဲ လိုရင်းကိုပြောပါ။
ပြောစရာရှိတဲ့စကားကို တိုက်ရိုက်မပြောပဲ ဝေ့၀ိုက်နေတဲ့သူမျိုးကို ဘယ်သူမှသဘောမကျပါဘူး။ တစ်ခုခုမေးလိုက်ရင် လိုရင်းကိုပဲ ဖြေပါ။ တစ်ခါတစ်လေမှာ ဟုတ်တယ် မဟုတ်ဘူးလောက်ဖြေရင်ကို လုံလောက်တဲ့မေးခွန်းတွေရှိပါတယ်။ လိုရင်းကိုပြောတာ၊ လိုရင်းကိုပဲဖြေဆိုတာက သင်ဘာလုပ်နိုင်တယ်၊ ဘာကိုမလုပ်နိုင်ဘူးဆိုတာကို သိသာပေါ်လွင်စေပါတယ်။ လုပ်စရာရှိတဲ့အရာကို ပြီးဆုံးတဲ့အထိ ဘာအကြောင်းပြချက်မှမပေးပဲလုပ်လိုက်ပါ။ စကားလုံးတွေနဲ့ တန်ဆာဆင်ပြီး ဆင်ခြေမပေးပါနဲ့။ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံငြင်းဆိုပါ။ လုပ်တတ်ချင်ယောင်ဆောင်ပြီး မနေပါနဲ့။

လုပ်နိုင်တာကို လုပ်ပါ။
သင့်ကို လုပ်ငန်းတာဝန်တစ်ခုခု လုပ်ဆောင်ဖို့ ညွှန်ကြားခံရပြီဆိုရင် သင့်မှာလုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိတယ်လို့ ထင်မြင်ယူဆကြလို့ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ သင့်ရဲ့အားသာချက်တွေကို သိထားပြီး အခွင့်အရေးရတုန်းမှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ သတ္တိရှိနေပါစေ။ နောက်တစ်ခုက သင့်အပေါ်လူတွေ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ပြပါ။

အမှန်အတိုင်းပဲ ရပ်တည်ပါ။
လိုရင်းမရောက်ပဲ ဝေ့၀ိုက်နေတတ်သူထက်ဆိုးတာကတော့ အလုပ်တာဝန်မပြီးမြောက်တဲ့အပေါ်မှာ တာဝန်ယူဖို့ ငြင်းဆန်တာပဲဖြစ်ပါတယ်။ သင် အချိန်ဆွဲပြီး လုပ်စရာရှိတကို မလုပ်မိခဲ့တဲ့အတွက် အချိန်မှီမပြီးမြောက်တဲ့ အလုပ်တစ်ခုအတွက် စိတ်ထဲပေါ်လာတဲ့ဆင်ခြေဆင်လက်တွေ လျှောက်ပြောနေမယ့်အစား အမှန်အတိုင်းပဲ ရပ်တည်ပါ။ အမှားကိုဝန်ခံပါ။ တောင်းပန်ပါ။ နောက်တစ်ခါ ပြောတဲ့အတိုင်းဖြစ်အောင် လုပ်ပါ။

ယုံကြည်တတ်ဖို့ သင်ယူပါ
အခြားလူတစ်ယောက်ယောက်ရဲ့ ဖြစ်နိုင်ချေကို သံသယရှိနေရင်တောင် ဘယ်တော့မှ ထုတ်မပြောပါနဲ့။ တကယ်လို့များ တစ်စုံတစ်ယောက်က အလုပ်တစ်ခုကို နောက်တစ်နေ့မနက်မှာ အပြီးလုပ်ပေးမယ်လို့ ပြောလာခဲ့မယ်ဆိုရင် သင့်အနေနဲ့ သူ့ကို မကြာခဏသွားသတိပေးနေဖို့ မလိုပါဘူး။ သူကတိပေးထားရင် သူဖြစ်အောင်လုပ်ပါလိမ့်မယ်။ သင့်စကားကို အခြားသူတွေယုံကြည်လက်ခံစေချင်ရင် သူတို့ကို ယုံကြည်ဖို့လည်း ရင်တမမဖြစ်မနေပါနဲ့။ ဒါပေမယ့် သင်ယုံကြည်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးဆိုရင်တော့ နောက်တစ်ခါ အလုပ်လွှဲပြောင်းပေးတော့မယ်ဆိုရင် စဉ်းစားဖို့ လိုနေပါပြီ။

သင့်အနေနဲ့ ယုံကြည်လေးစားမှုကို လမ်းဘေးမှာ ဆေးလိပ်ဝယ်သလို အလွယ်တကူမရနိုင်ပါဘူး။ ဒါ့ကြောင့် သင်ပြောတဲ့စကားကို ချင့်ချိန်ပါ။ လုပ်နိုင်တာကို ပြောပါ။ ပြောတဲ့အတိုင်းလဲ ဖြစ်အောင်လုပ်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

++++++++++++++++++++++++++++++++++++++++