အောင်မြင်မှုအတွက် အတားအဆီး (သို့မဟုတ်) မိမိကိုယ်ကိုယ် အဆိုးမြင်စိတ်

Stop Negative Self-talk

သင့်ကိုယ်သင် မကောင်းမြင်စိတ်တွေ များပြီး စိတ်မကောင်းဖြစ်နေရပါသလား။

ဒီနေ့ခေတ်ကာလမှ အရည်အချင်းရှိပြီး စိတ်ကူးကောင်းတွေ ပိုင်ဆိုင်ထားသူ အများစုဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှု အားနည်းတာကြောင့် အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့် မရကြပါဘူး။ သူတို့ကိုယ်တိုင်က သူတို့ရဲ့စိတ်ကူးတွေအပေါ် ယုံကြည်မှုမရှိသလို လုံလောက်အောင် ကောင်းမွန်မှုမရှိသေးဘူးလို့ ထင်နေကြပါတယ်။

ဒီလိုလူတွေရဲ့ စိတ်ထဲမှာ အဆိုးမြင်အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတာကြောင့် သူတို့ရဲစိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်ပြီး အထွဋ်အထိပ်အောင်မြင်မှုကို ရောက်ရှိဖို့ ခက်ခဲနေတတ်ကြပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုဟာ လူတစ်ယောက်ကို သူလိုချင်တာရအောင် ယူဖို့ ကူညီထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အဆိုးမြင်စိတ်တွေကတော့ ပြောင်းပြန်ရလဒ်ကို ရရှိစေပါတယ်။

“တစ်ခုခုလုပ်ဖို့ ကြောက်စရာအကောင်းဆုံးအပိုင်းက စမလုပ်သေးခင်အချိန်ပဲ၊ အဲ့ဒါပြီးရင် အားလုံးအဆင်ပြေသွားလိမ့်မယ်” လို့ နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်တဲ့ Stephen King က ပြောခဲ့ဖူးပါတယ်။

သင့်ဘဝကို အကောင်းဆုံးရှင်သန်ချင်တယ်ဆိုရင် သင့်ရဲ့လုပ်နိုင်စွမ်းတွေအပေါ်ယုံကြည်မှုရှိဖို့ လိုပါတယ်။ တွေ့ကြုံလာတဲ့ အခွင့်အလမ်းတွေကိုလည်း သံသယစိတ်၊ အဆိုးမြင်စိတ်ကင်းကင်းနဲ့ အမိအရဖမ်းဆုပ်နိုင်အောင် ကြိုးစားရမှာပါ။

“ငါ လုပ်နိုင်ပါ့မလား”၊ “တလွဲဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”၊ “ဒါကိုလုပ်ဖို့ ငါက သင့်တော်ပါ့မလား” စတဲ့ အတွေးတွေနဲ့ တွန့်ဆုတ်မနေပါနဲ့။ ဒီလိုတွေးနေရင် သင်တွေးထားတဲ့အတိုင်း လက်တွေ့ဖြစ်လာပါလိမ့်မယ်။

ဒါ့ကြောင့် သင့်ကိုယ်သင် မကောင်းမြင်စိတ်တွေနဲ့ နစ်မွန်းမခံပါနဲ့။

သင့်ရှေ့ကို ရောက်လာတဲ့ အခွင့်အလမ်းဟာ သင်နဲ့ထိုက်တန်လို့ ရောက်လာတာပါ။ ဒီတော့ အမိအရဆုပ်ကိုင်ပြီး အကောင်းဆုံးစွမ်းဆောင်ပြလိုက်ပါ။ အကောင်းမြင်စိတ်တွေ ပျိုးထောင်ပြီး သင့်ကိုယ်သင် တိုးတက်လာခွင့်ပေးလိုက်ပါ။

ဟုတ်ပါတယ်။ တခါတလေမှာ အကြောင်းကိစ္စတွေက သင်မျှော်လင့်ထားသလို၊ ဖြစ်စေချင်သလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် ယုံကြည်မှုထားပြီး နောက်ထပ်အခွင့်အရေးကို ထပ်မံရှာဖွေရမှာပါ။

လေ့ကျင့်သားပြည့်ဝမှုက ပြီးပြည့်စုံမှုကို ရရှိစေနိုင်သလို အရှုံးမပေးတတ်သူတွေပဲ အောင်မြင်ကြပါတယ်။

တကယ်လို့ အကြိမ်များစွာ ကြိုးစားပြီးသည့်တိုင်အောင် အလုပ်မဖြစ်တာတစ်ခုခုရှိနေခဲ့ရင်တောင် သင်က အရှုံးသမားမဟုတ်ပါဘူး။ သင့်ရဲ့ အရည်အချင်းနဲ့ သင့်တော်တဲ့အရာတစ်ခုကို တွေ့ရှိလာဦးမှာပါ။

မှန်ရှေ့မှာ ရပ်ပြီး သင့်ကိုယ်သင် ကြည့်ပါ။ ပြီးရင် “ငါ့မှာ အရည်အချင်းတွေရှိတယ်။ ငါလိုချင်တာ ဘာမဆို ရအောင် ယူနိုင်တယ်”လို့ ပြောပါ။ သင့်ရဲ့ စကားလုံးတွေ သင့်ရဲ့တွေးခေါ်ပုံကို ပြောင်းလဲစေပြီး လက်တွေ့မှာလည်း ဘာမဆိုစွမ်းဆောင်အောင်မြင်နိုင်လာမှာပါ။

ဘယ်သူမဆို သူ့ကိုယ်သူ ကန့်သတ်ချုပ်ချယ်ထားတဲ့ အဆိုးမြင်စိတ်တွေကနေ လွတ်လပ်သွားတဲ့အချိန်မှာ အံ့အားသင့်စရာကိစ္စတွေကို စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ သင့်ကိုယ်သင် နှိမ်ချမိနေတဲ့ အတွေးတွေကို ဖျောက်ဖျက်ပါ။ သင့်ရဲ့အားသာချက်တွေ၊ အောင်မြင်မှုတွေကို ပြန်တွေးပြီး အကောင်းမြင်စိတ်တွေနဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာနိုင်ကြောင်း တွေးပါ။ ကိုယ့်ကိုယ်ကိုယ် သတိပေးနေပါ။

မိမကိုယ်ကိုယ် အဆိုးမြင်စိတ်တွေက လွတ်မြောက်ပြီး အောင်မြင်မှုပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ကြပါစေ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

Leave a Reply

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading