ချစ်သူနှစ်ဦး လက်မထပ်ခင် ဒါတွေ အရင်ဆွေးနွေးတိုင်ပင်ပါ

လက်တွေ့ဘဝရဲ့ အချစ်ရေးဟာ ပုံပြင်တွေထဲကလို “ချစ်သူနှစ်ဦး ညားကြလေသတည်း” ဆိုပြီး ပျော်ရွှင်စွာဇာတ်သိမ်းသွားတာ မဟုတ်ပါဘူ။ ချစ်သူနှစ်ဦး လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်တစ်ခု ထူထောင်ရာမှာ ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ ကြိုတင်စဉ်းစားတိုင်ပင်ထားသင့်တဲ့ အကြောင်းအရာတချို့ရှိနေပါတယ်။ ဒီအကြောင်းအရာတွေကို သေချာဆွေးနွေးပြီး နှစ်ဦးသဘောတူညီမှု ရယူထားမယ်ဆိုရင် “ညားကြလေသတည်း”နောက်ပိုင်း အိမ်ထောင်ရေးမှာလည်း ပျော်ရွှင်နေနိုင်မှာဖြစ်ပါတယ်။

၁။ စိတ်ပိုင်းဖြတ်မှု

နှစ်ဦးသား လက်ထပ်ပြီးအိမ်ထောင်တစ်ခု တည်ထောင်တော့မယ်လို့ စဉ်းစားတဲ့အခါ ဒီလူတစ်ယောက်နဲ့ ဘဝတလျှောက်လုံး ဆိုးတူကောင်းဖက် လက်တွဲသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီလား၊ အဆင်သင့်ဖြစ်ပြီလားဆိုတာ သေချာဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ ခဏတာ စိတ်သာယာမှုသက်သက်အတွက်ပဲ တွဲခဲ့တာဆိုရင် ဒီအချိန်မှာ ပြန်လည်စဉ်းစားပါ။ နောက်ဆုတ်ချင်ရင်လည်း အချိန်မှီနိုင်ပါသေးတယ်။ (မှတ်ချက်။ ။ ဒီနေရာမှာ ဘာသာရေး၊ လူမှုရေးအမြင်တွေကို ထည့်ပြီးမစဉ်းစားပဲ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးပြောတာဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာသာရေး၊ လူမှုရေးအမြင်တွေကြောင့် စိတ်မပိုင်းဖြတ်ရသေးပဲ အိမ်ထောင်ပြုချင်လည်း သင့်သဘောပါပဲ)

၂။ ရင်သွေး ယူမှာလား/ဘယ်နှစ်ယောက်ယူမှာလဲ

ဒီအကြောင်းအရာက ချန်လှပ်မထားသင့်တဲ့ အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ သင်တို့ နှစ်ယောက်စလုံး မိဘတွေဖြစ်ချင်လား။ ကလေး ဘယ်နှစ်ယောက်ယူချင်လဲ။ ဘယ်အချိန်မှာ ကလေးယူမလဲ စတဲ့အကြောင်းအရာတွေကို နှစ်ဦးသဘောတူညီမှုရတဲ့အထိ ကြိုတင်တိုင်ပင် ဆွေးနွေးထားသင့်ပါတယ်။

၃။ ဘာသာရေး

ဘာသာရေးဟာ အထိမခံနဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ နှစ်ဦးစလုံး ကိုးကွယ်တဲ့ဘာသာတူရင် ကိစ္စမရှိပေမယ့် ဘာသာခြားနှစ်ဦး လက်ထပ်မယ်ဆိုရင်တော့ ကြိုတင်ဆွေးနွေးထားဖို့ အရေးကြီးပါတယ်။ ဘာသာပြောင်းမှာလား၊ မပြောင်းဘူးလား၊ ဒီအတိုင်း ကိုယ်ယုံကြည်ရာကို ဆက်ကိုးကွယ်မှာလား စသဖြင့် သေချာပြောဆိုဆွေးနွေးပါ။

၄။ သူ့စည်းကိုယ့်စည်း

ချစ်သူနှစ်ဦးပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ် လူနှစ်ယောက်ပေါင်းသင်းဆက်ဆံရာမှာ စည်းထားဖို့ လိုပါတယ်။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးတယ်ဆိုပါစေ၊ တစ်ယောက်ဘဝထဲကို အခြားတယောက်က ဘယ်အတိုင်းအတာထိ ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာလဲဆိုတာ ကြိုတင်တိုင်ပင်ဆွေးနွေးထားဖို့ လိုပါတယ်။

၅။ ဘယ်မှာနေမှာလဲ

လက်ထပ်ပြီးရင် ဘယ်မှာနေမှာလဲဆိုတာကလည်း အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင်ရော၊ သင့်ချစ်သူမှာပါ ဘယ်လိုစိတ်ကူးတွေ ရှိနေလဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။ မိဘတွေနဲ့ အတူနေမှာလား၊ အိမ်ခွဲနေမှာလား၊ နေထိုင်ရေးအတွက် ဘယ်လိုအစီအစဉ်တွေရှိထားလဲ၊ ရေရှည်အဆင်ပြေအောင် ဘယ်လိုစီစဉ်မလဲဆိုတာတွေက မဖြစ်မနေ တိုင်ပင်ထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။

၆။ ငွေရေးကြေးရေး

ငွေကြေးကိစ္စဟာ ချစ်သူဘဝမှာ မသိသာပေမယ့် ဇနီးမောင်နှံအနေနဲ့ အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် အကြေအလည်ဆွေးနွေးထားသင့်တဲ့ ကိစ္စဖြစ်လာပါပြီ။ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမှာလဲ၊ ကုန်ကျစရိတ်တွေကို ဘယ်သူက တာဝန်ယူမှာလဲ၊ နှစ်ဦးခွဲဝေတာဝန်ယူမှာလား။ ငွေကို ဘယ်လိုစုဆောင်းကြမလဲ၊ နှစ်ယောက်စလုံးရဲ့ငွေကြေးရည်မှန်းချက်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်အထည်ဖော်မှာလဲ စတာတွေကို တိုင်ပင်ထားပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

Leave a Reply

%%footer%%