မိမိကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ကိုယ်ပိုင်အရည်အချင်းတွေအပေါ်မှာ ယုံကြည်ကိုးစားမှုရှိခြင်းကို ဆိုလိုပါတယ်။ မိမိကိုယ်ကိုယ် လေးစားတန်ဖိုးထားသူတိုင်း မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါတယ်။
သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစားတစုံကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးရဲ့ ချီးမွမ်းခံရတဲ့အခါ တစ်နေ့လုံး ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိနေတာကို ခံစားဖူးပါသလား။
ဒီလို ယုံကြည်မှုရှိနေတဲ့အခါ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တဲ့ အစွမ်းတွေ ရှိနေသလို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် သင့်ကို ပိုမိုပျော်ရွှင်တတ်သူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အသေးအမွှားအချက်လေးတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အမြဲတမ်း သန့်ရှင်းသပ်ရပ်ပြီး မီးပူတိုက်ထားတဲ့ အ၀တ်အစားတွေကိုပဲ ၀တ်ဆင်ပါ။
အပြင်သွားတော့မယ်ဆိုရင် သင့်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ရုပ်ရည်သွင်ပြင်အပေါ်မှာ ယုံကြည်စိတ်ချမှုရှိနေဖို့ အရေးကြီးပါတယ်။ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး သင့်စိတ်ကြိုက်စတိုင်ကို ၀တ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက သင်ဝတ်စားထားတဲ့အ၀တ်အစားတွေက သင့်ရဲ့ဘ၀နေထိုင်မှုပုံစံနဲ့ လိုက်ဖက်နေဖို့ပါပဲ။ ဘယ်လိုအ၀တ်အစားပဲဖြစ်နေပါစေ၊ သန့်ရှင်းသပ်ရပ်ပြီး ကြေမွမနေစေဖို့ ဂရုစိုက်ပါ။
၂၂။ လူတွေကို မျက်လုံးချင်းဆုံအောင်ကြည့်ပါ
၃။ အရည်အချင်းသစ်တွေ လေ့လာသင်ယူပါ
အရည်အချင်းအသစ်တွေ လေ့လာသင်ယူခြင်းက ရရှိတဲ့ ယုံကြည်မှုက ဘာနဲ့မှမတူညီပါဘူး။ ဒါ့ကြောင့် သင်မသိကျွမ်းသေးတဲ့ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူပါ။ မလုပ်ဖူးသေးတဲ့ အားကစားနည်းတွေကို လုပ်ကြည့်ပါ။
၄။ စိုးရိမ်ကြောက်ရွံ့မှုတွေကို သိမ်းထားပါ
ဘယ်သူမဆို စိုးရိမ်မှု၊ သံသယတွေနဲ့ အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဒီလို စိုးရိမ်ကြောက်ရွံ့မှုနဲ့ သံသယတွေကို အခြားသူတွေဆီ ထုတ်ဖော်ပြသမနေပဲ ကိုယ်တိုင်ပဲ သိမ်းဆည်းထားပါ။ နည်းလမ်းရှာပြီးကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ သင်စိုးရိမ်နေတဲ့ အရာတွေကို ကျော်ဖြတ်နိုင်တဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးမြင့်လာပါလိမ့်မယ်။
၅။ သင့်ကိုယ်သင် အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်နေခြင်းက သင့်ရဲ့ယုံကြည်မှုရော၊ လေးစားတန်ဖိုးထားမှုကိုပါ လျော့နည်းသွားစေနိုင်ပါတယ်။ သင့်ကိုယ်သင် နှိုင်းယှဉ်နေသ၍ သင့်ထက် ပိုသာတဲ့သူတစ်ယောက် ရှိနေသလို ခံစားနေရပြီး ဘဝအပေါ် ကျေနပ်မှုကို ခံစားရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အရှိအတိုင်းပဲ နေပါ။ သင့်ကိုယ်သင် အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။