လူတွေအများကြီးနဲ့ တွေ့ဆုံပြောဆိုဆက်ဆံရတာက သင့်အတွက် စိတ်ဝင်စားစရာမကောင်းပဲ ပျင်းစရာကောင်းနေပါသလား။
အသိအကျွမ်းမဟုတ်တဲ့သူတွေ၊ သူစိမ်းတွေနဲ့ စကားပြောချင်စိတ်မရှိဖြစ်နေပါသလား။
တစ်ယောက်တည်းသီးသန့်နေရတာကို ကြိုက်ပြီး၊ ဘယ်သူနဲ့မှ ပြောဆိုဆက်ဆံမနေပဲ စာအုပ်ဖတ်နေရတာ၊ ဂိမ်းကစားနေရတာ၊ စိတ်ပါဝင်စားတာတစ်ခုခုကိုလုပ်နေရရင် ကျေနပ်ပျော်ရွှင်နေပါသလား။
အများနဲ့ ပူးပေါင်းဆောင်ရွက်ရတာထက် တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေ၊ အားကစားတွေကို သဘောကျနေမိပါသလား။
အတွေးတွေကို စိတ်ထဲမှာပဲထားလေ့ရှိပြီး ဘယ်တော့မှထုတ်မပြောပဲနေတတ်ပါသလား။
အနားမှာ ဘယ်သူမှမရှိပဲ တစ်ယောက်တည်းနေရတာကို ကြိုက်ပါသလား။
ဒါဆိုရင်ရင်တော့ သင်က Introvert လို့ ခေါ်တဲ့ တသီးတသန့်နေရတာကို သဘောကျတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ဖြစ်ပါတယ်။
Introvert တစ်ယောက်ဖြစ်ရတာက ဘာမှမှားယွင်းမနေပါဘူး။ Introvert တွေရဲ့အားသာချက်တွေလည်း ရှိပါတယ်။ အမှီအခိုကင်းတာ၊ ကိုယ့်အကြောင်းကိုယ် သိရှိနားလည်တာ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို သေချာချမှတ်နိုင်တာ စသဖြင့် အားသာချက်တွေရှိပေမယ့် လူအများစုကတော့ Introvert တွေကို အရှက်အကြောက်ကြီးသူ၊ လူတောမတိုးသူ စသဖြင့် သတ်မှတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် Introvert အဖြစ်ကနေ ပြောင်းလဲချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ တစ်ရက်ကို သူစိမ်း (၅)ယောက်နဲ့ စကားပြောဖြစ်အောင် ပြောပါ
ဒါက Introvert တစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Introvert အဖြစ်က ပြောင်းလဲချင်တယ်ဆိုရင် လုပ်ကြည့်သင့်ပါတယ်။ သိကျွမ်းပြီးသားမဟုတ်တဲ့ သူစိမ်း ၅ ယောက်နဲ့ စကားပြောဖို့ဆိုတာက အစပိုင်းမှာ ခက်ခဲတယ်လို့ ထင်ရပေမယ့် သုံးလေးရက်လောက် လုပ်ပြီးရင် ထင်ထားသလောက် မခက်တာကို တွေ့ရပါလိမ့်မယ်။ သူစိမ်းတစ်ယောက်ကို စကားစပြောဖို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာ၊ ရာသီဥတုအကြောင်းပြောတာ၊ တဖက်သူရဲ့ အ၀တ်အစားကို ချီးကျူးစကားပြောတာ စသဖြင့် စတင်နိုင်ပါတယ်။
၂။ လူအများရှေ့မှာ စကားပြောဖို့ သင့်ကိုယ်သင် စိန်ခေါ်ပါ
လူအများရှေ့မှာ စကားပြောဖို့က Introvert မဟုတ်တဲ့သူတွေအတွက်တောင်မှ ခက်ခဲပါတယ်။ Introvert တွေအတွက်ကတော့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒါပေမယ့် အလေ့အကျင့်ရှိသွားရင် ဘာမှမခက်ခဲတော့ပါဘူး။ သင့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ အနည်းငယ်ရှေ့မှာ အရင်ပြောကြည့်ပါ။ အိမ်မှာလည်း မှန်ကြည့်ပြီး လေ့ကျင့်ပါ။ လူအများရှေ့ကို ထွက်ရမှာ ကြောက်တဲ့စိတ်ကို အနည်းဆုံး သုံးကြိမ်လောက် တွန်းလှန်ပြီး ထွက်ပြောကြည့်ပါ။
၃။ မှန်ရှေ့မှာ လေ့ကျင့်ပါ
လူတွေရှေ့မှာ စကားပြောကြည့်ဖို့ ဆုံးဖြတ်ပြီးရင် ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။ ဒါ့ကြောင့် မှန်ရှေ့မှာ ရပ်ပြီး သင်ပြောမယ့်စကားတွေကို ပြောကြည့်ပါ။ သင့်ရှေ့မှာ ပရိသတ်တွေရှိနေတယ်လို့ စိတ်ကူးထားပါ။ ကိုယ်နေဟန်ထား မတ်တပ်ရပ်ပုံ၊ နေပုံထိုင်ပုံ မှန်ကန်မှုရှိအောင် လေ့ကျင့်ထားပါ။ ယုံကြည်မှုရှိရှိနဲ့ ရှင်းလင်းပြတ်သားစွာ ပြောပါ။
၎။ လူအများနဲ့ဆုံတွေ့ရမယ့် အခြေအနေတွေကို မရှောင်ပါနဲ့
Introvert တွေက တသီးတသန့်နေရတာကို ကြိုက်တာကြောင့် လူအများနဲ့ဆုံရမယ့် အခြေအနေတွေ၊ ပွဲလမ်းတွေကို ရှောင်လေ့ရှိပါတယ်။ ဒီလိုမလုပ်ပဲ သွားကြည့်ပါ။ မိတ်သစ်ဆွေသစ်တွေရအောင် ကြိုးစားကြည့်ပါ။
၅။ အိမ်မှာပဲ စတင်ပါ
သူစိမ်းတွေနဲ့ မစတင်ခင် နေအိမ်မှာပဲ အရင်ကြိုးစားကြည့်နိုင်ပါတယ်။ အိမ်က မိသားစုဝင်တွေနဲ့ အတူတူလုပ်ရမယ့် အလုပ်တွေမှာ ပါဝင်ပါ။ မိသားစုဝင်တွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတစ်ခုကို စတင်ဆွေးနွေးကြည့်ပါ။ သင့်စိတ်ထဲက ထင်မြင်ချက်တွေ၊ အတွေးတွေကို ထုတ်ပြောနိုင်အောင် ကြိုးစားပါ။ အခြားသူတွေ စကားပြောတဲ့အခါ စိတ်ပါဝင်စားစွာ နားထောင်ပေးပါ။
Introvert အများစုက တစ်ယောက်တည်းနေရတာကို ကြိုက်ကြတဲ့အတွက် လူတွေနဲ့ ခပ်ကင်းကင်းဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြခဲ့တဲ့ အချက်တွေကို လုပ်ကြည့်မယ်ဆိုရင်တော့ လူမှုဆက်ဆံရေးမှာ ပိုမိုကောင်းမွန်စွာ ဆက်ဆံနိုင်မယ့် Introvert တစ်ယောက်ဖြစ်လာမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine