တစ်စုံတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့က အရမ်းခက်ခဲတဲ့ အလုပ်တစ်ခုမဟုတ်ပါဘူး။ အခုဖော်ပြမယ့် အချက်လေးတွေကို သတိထားဆောင်ရွက်ကြည့်ပါ။ ဘယ်သူနဲ့မဟုတ် ခိုင်မာတဲ့ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။
၁။ စိတ်ကိုဖွင့်ထားပါ
ဘယ်သူနဲ့မဆို ခိုင်မာရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ချင်ရင် သင့်စိတ်ကို ဖွင့်ထားဖို့ လိုပါတယ်။ တဖက်သားကို အဆောတလျင်အကဲမဖြတ်ပါနဲ့။ လိုအပ်တာရှိရင် ကူညီပေးဖို့ ကမ်းလှမ်းပါ။ အသေးအမွှားကိစ္စလေးတွေကအစ အာရုံစိုက်ပါ။
၂။ အကောင်းတွေရော အဆိုးတွေပါ ဝေမျှပါ
သင့်ဘဝထဲက ကောင်းတဲ့ကိစ္စတွေကိုရော ဆိုးတဲ့ကိစ္စတွေကိုပါ ဝေမျှနိုင်တဲ့သူတွေဟာ သင့်အတွက် မိတ်ဆွေကောင်းတွေပဲ ဖြစ်ပါတယ်။ သာမန်မိတ်ဆွေသူငယ်ချင်းနဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေရဲ့ ကွာခြားချက်က အကောင်းအဆိုးအားလုံးကို ဝေမျှနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်ဖက်က အကောင်းအဆိုးအားလုံးကို ပြောပြလို့ လက်ခံနိုင်တဲ့သူတွေကို တန်ဖိုးထားပါ။
၃။ စိတ်ဝင်စားမှု တူတာတွေကို အာရုံစိုက်ပါ
လူတစ်ယောက်နဲ့ ခိုင်မာတဲ့ရင်းနှီးမြုပ်နှံမှု တည်ဆောက်ချင်ရင် နှစ်ဦးစလုံးစိတ်ဝင်စားတဲ့အရာတွေကို အာရုံစိုက်သင့်ပါတယ်။ ဥပမာ နှစ်ယောက်စလုံးက ဘောလုံးအသင်းတစ်ခုတည်းကို အားပေးတာချင်တူရင် ထိုအသင်းအကြောင်းကိုပဲ ပြောပါ။ နှစ်ဦးကြား အမြင်မတူပဲ အငြင်းပွားရမယ့် အကြောင်းအရာတွေ ခေါင်းစဉ်တွေကို ရှောင်ပါ။
၄။ လက်ဆောင်လေးတွေပေးပါ
လက်ဆောင်ပေးချင်းဟာ တဖက်သူအပေါ်ကို ဘယ်လောက်အထိ သင့်စိတ်ထဲမှာ အသိအမှတ်ပြု တန်ဖိုးထားလဲဆိုတာကို ပေါ်လွင်စေပါတယ်။ လက်ဆောင်ပေးရာမှာ တန်ဖိုးကြီးစရာမလိုပါဘူး။ တစ်နေရာရာကိုသွားရင်း ဒေသထွက်ကုန်လေးတွေ ဝယ်လာပေးတာ၊ အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေ ဝယ်လာပေးတာ စသဖြင့် ပေးနိုင်ပါတယ်။
၅။ အရင်မိတ်ဆွေဟောင်းတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင်ကြုံတွေ့ခဲ့ရဖူးတဲ့ မိတ်ဆွေဆိုးတွေနဲ့ အခုတွေ့ကြုံရသူတွေကို မနှိုင်းယှဉ်ပါနဲ့။ မိတ်ဆွေသစ်တွေကို အတွေးသစ်အမြင်သစ်နဲ့ ဆက်ဆံပါ။ အရင်မိတ်ဆွေဟောင်းတွေအကြောင်းလည်း မပြောပါနဲ့။ ဒီလိုပြောဆိုတာက တဖက်သူအနေနဲ့ သူ့အကြောင်းတွေကိုလည်း နောက်ကွယ်မှာ ပြောခံရနိုင်တယ်လို့ တွေးမိသွားစေနိုင်ပါတယ်။
၆။ တလေးတစားနားထောင်ပေးပါ
ဘယ်သူမဆို သူတို့ပြောတာကိုနားထောင်ပေးတာကို သဘောကျပါတယ်။ ဒါ့ကြောင့် ရင်းနှီးမှုတည်ဆောက်ချင်တဲ့သူနဲ့ စကားပြောတဲ့အခါ သူပြောသမျှကို သေချာဂရုစိုက်ပြီး တလေးတစား နားထောင်ပေးပါ။ ဒီလိုနားထောင်ပေးတာက သူတို့ကို ဂရုစိုက်ကြောင်း၊ လေးစားကြောင်းပေါ်လွင်စေပြီး ရင်းနှီးမှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine