ဘာကြောင့် ပြီးပြည့်စုံချင်စိတ်ကို ဖျောက်ဖျက်သင့်တာလဲ?

ဘာပဲလုပ်လုပ် စိတ်တိုင်းကျဖြစ်ပြီး အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေမှ ကျေနပ်လေ့ရှိတယ်ဆိုရင် သင်ဟာ ပြီးပြည့်စုံမှုကို စွဲလမ်းသူတစ်ယောက်ပါပဲ။

ဒီနေရာမှာ မေးစရာရှိပါတယ်။ သင့်အနေနဲ့ ပြီးပြည့်စုံနေဖို့ ကြိုးစားနေပေမယ့် သင့်စိတ်တိုင်းကျ ဖြစ်သွားတာ ဘယ်နှစ်ခုရှိသွားပြီလဲဆိုတာပါပဲ။ သင့်ဘဝကိုရော ပျော်ရွှင်စေနိုင်ရဲ့လား။ အဖြေကတော့ No ပဲ ဖြစ်ပါလိမ့်မယ်။

ဟုတ်ပါတယ်။ ပြီးပြည့်စုံမှုက သင့်ဘဝအတွက် ပျော်ရွှင်မှုတွေကို မပေးစွမ်းနိုင်ပါဘူး။ ပြီးပြည့်စုံအောင် ကြိုးစားရင်း လိုအပ်ချက်တွေ ပိုတွေ့လာပြီး စိတ်မကျေနပ်မှုတွေ တပုံတပင်နဲ့ပဲ အဆုံးသတ်သွားရမှာပါ။

ဒါ့အပြင် ပြီးပြည့်စုံချင်စိတ်ကို ရပ်တန့်လိုက်ဖို့ လိုအပ်တဲ့အခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

ပြီးပြည့်စုံမှုဆိုတာ ယုံတမ်းတစ်ခုဖြစ်တယ်

ဒီလောကမှာ အရာရာအားလုံးပြီးပြည့်စုံနေသူဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ပြီးပြည့်စုံအောင် ကြိုးစားနေတာ သင်ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်က လူတွေအားလုံးအတွက်ပါ စိတ်ပျက်စရာတွေဖြစလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြီးပြည့်စုံချင်စိတ်ကို အခုချက်ချင်း ဖျောက်ဖျက်ပါ။ အကောင်းဆုံးဖြစ်အောင်သာ လုပ်ပါ။

ပြီးပြည့်စုံဖို့ မျှော်လင့်နေခြင်းက ကျရှုံးခြင်းကို ဖြစ်စေနိုင်တယ်

ဘယ်သူမှ ခြောက်ပြစ်သဲကင်းစင် ပြီးပြည့်စုံမနေဘူးဆိုတာ သင့်ကိုယ်သင် အမြဲသတိပေးနေပါ။ အကောင်းဆုံးရလဒ်ထွက်အောင် လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ပြောစရာမရှိအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မဖြစ်နိုင်တာကို ကြိုးစားနေခြင်းက ဖြစ်နိုင်ချေရှိတဲ့ အောင်မြင်မှုတွေနဲ့ လမ်းလွဲသွားစေနိုင်ပါတယ်။

ပြီးပြည့်စုံချင်စိတ်က ကြိုးစားကြည့်ချင်စိတ်ကို ကန့်သတ်နိုင်တယ်

ဘယ်သူကမှ ကျရှုံးတာကို သဘောမကျပါဘူး။ အထူးသဖြင့် ပြီးပြည့်စုံချင်သူတွေက ကျရှုံးမှာကို ပိုကြောက်ကြပါတယ်။ ဒ့ါကြောင့် မသေချာမရေရာတဲ့ ကိစ္စတွေကိုဆိုရင် ကြိုးစားကြည့်ချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။ ဒီအချက်က သင့်ကို အောင်မြင်မှုနဲ့အလှမ်း ဝေးသွားစေနိုင်ပါတယ်။

ပြီးပြည့်စုံချင်စိတ်က နာတာရှည်စိတ်မကျေနပ်မှုကို ခံစားရစေတယ်

ပြီးပြည့်စုံချင်သူတွေဟာ ဘယ်တော့မှ မပျော်ရွှင်နိုင်ပါဘူး။ သူတို့ဘယ်လောက်ပဲ ကြိုးစားအားထုတ်ထားတဲ့အရာဖြစ်ပါစေ စိတ်ကျေနပ်မှုကို ခံစားရလေ့မရှိပါဘူး။ အလုပ်တစ်ခုပြီးမြောက်အောင်မြင်သွားတဲ့အပေါ် ကျေနပ်နေရမယ့်အစား မဆိုစလောက် အမှားလေးတွေ၊ ပိုကောင်းအောင်လုပ်နိုင်မယ့်အချက်တွေကိုပဲ အာရုံရောက်ပြီး မကျေမနပ်ဖြစ်နေတတ်ကြပါတယ်။

ပြီးပြည့်စုံချင်စိတ်ရှိသူတွေဟာ အချိန်ဆွဲတတ်ကြသူတွေ ဖြစ်တယ်

လုပ်စရာရှိတဲ့အလုပ်တွေကို အချိန်ဆွဲလေ့ရှိသူတွေဟာ ပြီးပြည့်စုံချင်စိတ်ရှိသူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွက် တစ်ခုခုလုပ်ဖို့ အကောင်းဆုံးအစီအစဉ်၊ အကောင်းဆုံး ရင်းမြစ်တွေ ရမှဆိုပြီး အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲနေတတ်ကြပါတယ်။

ဒီလောက်ဆိုရင် ပြီးပြည့်စုံမှုဆိုတာ သင့်ရဲ့တိုးတက်အောင်မြင်မှုကို နှောင့်နှေးစေနိုင်တယ်ဆိုတာ နားလည်မှာပါ။ ပြီးပြည့်စုံချင်စိတ်ကို လျှော့ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားအားထုတ်နိုင်ဖို့ကိုပဲ ဦးစားပေးပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%