အမျိုးသားတစ်ယောက်အနေနဲ့ စီးထားတဲ့ဖိနပ်က အလုံးစုံသော ရုပ်ရည်သွင်ပြင်အပေါ်မှာ သက်ရောက်မှု ရှိနေတယ်လို့ပြောရင် လွန်တယ်မထင်လိုက်ပါနဲ့။ ဖိနပ်ကို အလေးထား အာရုံစိုက်ခြင်းအားဖြင့် သင့်ကို ပိုမိုကြည့်ကောင်းခန့်ညားစေနိုင်သလို ဂရုမစိုက်ဘူးဆိုရင် လူအထင်သေးစရာလည်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်လိုက်ပါ။
၁။ ဖိနပ်ရွေးချယ်မှုက အသေးစိတ်အထိ အလေးထားတတ်ကြောင်းကို ဖော်ပြနေတယ်
၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လာရင် များသောအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေလောက် အသေးစိတ်လေးတွေကို အာရုံစိုက်လေ့မရှိပါဘူး။ ဒီအချက်ကို ဖိနပ်ကို သေချာဂရုစိုက်ရွေးချယ်ခြင်းအားဖြင့် ချေဖျက်နိုင်ပါတယ်။ သင်စီးထားတဲ့ဖိနပ်က အခြားတစ်ကိုယ်လုံးမှာ ၀တ်စားထားတဲ့ အ၀တ်အစားတွေနဲ့ လိုက်ဖက်ကြည့်ကောင်းနေမယ်ဆိုရင် မြင်တွေ့ရသူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်စွမ်းက သုံးလေးဆ မြင့်တက်သွားမှာသေချာပါတယ်။ ဒီလို အသေးစိတ်ကို ဂရုစိုက်တတ်ခြင်းအားဖြင့်….
၂။ အမြင်ကျယ်သူတစ်ယောက်ဖြစ်ကြောင်း သိသာစေတယ်
သင် ဘယ်လိုဖိနပ်စီးထားလဲဆိုတာက သင်ဘယ်လောက်ထိ အမြင်ကျယ်လဲ၊ ဘယ်လောက်ထိ အလေးအနက်ထားတတ်သူတစ်ယောက်ဖြစ်လဲဆိုတာ ပေါ်လွင်စေပါတယ်။ သွားရောက်မယ့်နေရာ၊ အခမ်းအနားနဲ့ လိုက်ဖက်လျော်ညီတဲ့ ဖိနပ်ကို ရွေးချယ်တတ်ခြင်းက သင့်ရဲ့ဂရုစိုက်မှုကို သိသာစေရုံသာမက အလွယ်မလုပ်တတ်သူတစ်ယောက်အဖြစ် သိသာစေပါတယ်။
၃။ တာရှည်ခံတဲ့ အထင်ကြီးလေးစားမှုကို ဖန်တီးနိုင်တယ်
ဘယ်နေရာကိုပဲသွားသွား၊ ဘယ်သူနဲ့ပဲတွေ့တွေ့ သင့်ကိုတွေ့လိုက်တဲ့ ပထမဆုံးအမြင်မှာပဲ တဖက်သူရဲ့ အထင်ကြီးလေးစားမှုကို လိုချင်ရင် ဖိနပ်ကိုအာရုံစိုက်ဖို့ လိုပါတယ်။ အထက်မှာဖော်ပြခဲ့သလို သင်စီးထားတဲ့ဖိနပ်က သင့်ဝတ်စုံနဲ့ လိုက်ဖက်တဲ့အခါ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရနိုင်သလို သင့်ကို စိတ်ထဲမှာ တာရှည်စွဲမြဲစွာ မှတ်မိသွားစေနိုင်ပါတယ်။ စီးထားတဲ့ဖိနပ်က ၀တ်စုံနဲ့မလိုက်ဖက်တာ၊ အရောင်အဆင်းမရှိတာ၊ အခြေအနေအချိန်အခါနဲ့ မကိုက်ညီတာ၊ ဟောင်းနွမ်းနေတာတွေ ဆိုရင်တော့ သင့်အပေါ်လူတွေရဲ့အမြင်ကောင်းရဖို့ လွယ်ကူတော့မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် ဖိနပ်ဝယ်တဲ့အခါ အပေါစားတွေ မ၀ယ်ပါနဲ့။ တန်ဖိုးတစ်ခုပေးရပေမယ့် အရည်အသွေးစိတ်ချရတဲ့ ဖိနပ်မျိုးကိုဝယ်စီးပါ။ ဖိနပ်တွေကို သေချာတိုက်ချွတ်သန့်ရှင်းပြီးမှ စီးပါလို့ အကြံပေးလိုက်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine