အချစ်ရေးမှာ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ

ချစ်သူနှစ်ဦးကြား အချစ်ရေးဟာ နှစ်ဦးနှစ်ဖက်စလုံးက သဘောထားချင်းတူညီနေမှသာ ပျော်ရွှင်ခိုင်မြဲရမှာဖြစ်ပါတယ်။ ဒါပေမယ့် အချစ်ရေးတစ်ခုအပေါ် အကောင်းမြင်စိတ်များပြီး တရားသေတွက်ထားမယ်ဆိုရင် သဘောထားချင်းမတိုက်ဆိုင်မှုလေးတွေကနေ နောက်ဆုံးလမ်းခွဲပြတ်ဆဲသည်အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးကြားအချစ်ရေးမှာ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သူမရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်က သင် မဟုတ်တော့တာ

ချစ်သူနှစ်ဦးကြား အကြောင်းကိစ္စတိုင်းကို ပြောပြစရာမလိုပေမယ့် တော်တော်များများကိုတော့ ရင်ဖွင့်တိုင်ပင်ဖော်ဖြစ်သင့်ပါတယ်။ ဒီလို တိုင်ပင်တာဟာ အပြန်အလှန်ယုံကြည်မှုရှိပြီး ခိုင်မြဲတဲ့ ဆက်ဆံရေးရဲ့ လက္ခဏာဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူက သူမရဲ့ ကိစ္စတွေကို သင်မဟုတ်တဲ့ အခြားတစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်နေပြီဆိုရင် သင့်အပေါ် အားကိုးယုံကြည်မှုမရှိတော့တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

၂။ သင် မပါပဲ ကိစ္စအများစုကို သူမတစ်ယောက်တည်း လုပ်ဆောင်နေတာ

သင့်ရဲ့ချစ်သူမိန်းကလေးက သူမဘဝထဲမှာ သင့်ကိုဖယ်ထုတ်လာပြီဆိုရင် သတိထားသင့်တဲ့ လက္ခဏာတစ်ခုပါပဲ။ ဘယ်လောက်ပဲ ရင်းနှီးတဲ့ ချစ်သူတွေဖြစ်ပါစေ၊ ကိုယ်ပိုင်အချိန်၊ နေရာလိုအပ်တယ်ဆိုပေမယ့် သင်မပါပဲ ပျော်ရွှင်နေနိုင်တယ်ဆိုရင် သူမအတွက် သင့်ရဲ့အရေးပါမှုကို မေးခွန်းထုတ်သင့်တဲ့အချိန်ပါပဲ။

၃။ သူမရဲ့အောင်မြင်မှုတွေကို နောက်ဆုံးမှ သိရတာ

သင့်ကောင်မလေးရဲ့ အရေးကိစ္စတွေ၊ အောင်မြင်မှုတွေ၊ သတင်းကောင်းတွေက အရင်ဆုံးသိသင့်တဲ့သူက သင်ကိုယ်တိုင်ပဲ ဖြစ်သင့်ပါတယ်။ သူမအတွက် သတင်းကောင်းတစ်ခုရှိလာရင် အရင်ဆုံးသင့်ကို ဝေမျှရမှာပါ။ ဒီလိုမဟုတ်ပဲ အခြားသူတွေ သိပြီးမှ သိရမယ်ဆိုရင် သူမအတွက် ဦးစားပေးတစ်ယောက်မဟုတ်တော့ဘူးဆိုတဲ့ လက္ခဏာပါပဲ။

၄။ နှစ်ဦးကြား အပေးအယူမမျှတော့တာ

ပျော်ရွှင်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ချစ်သူနှစ်ဦးကြား အပေးအယူမျှတနေဖို့ လိုပါတယ်။ အပေးအယူမျှတဖို့ ဆိုရာမှာ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ အချိန်ပေးတာ၊ နားလည်မှုပေးတာ၊ နှစ်ဦးကြားဆက်ဆံရေး ခိုင်မြဲဖို့ အားထုတ်တာတွေလည်း ပါဝင်ပါတယ်။ ဒီလိုမဟုတ်ပဲ သင်တစ်ယောက်တည်းကပဲ ကြိုးစားနေရမယ်ဆိုရင် သတိထားသင့်တဲ့ လက္ခဏာတစ်ခုပါပဲ။

၅။ အသေးစိတ်ကို အာရုံမစိုက်တော့တာ

ချစ်သူနှစ်ဦးကြားမှာ အသေးစိတ်ကအစ အလေးထားခြင်းက အရေးကြီးပါတယ်။ ဥပမာ သင်မကြိုက်တဲ့ စားစရာကို မှတ်မိနေတာမျိုးဖြစ်ပါတယ်။ ဒီလို အသေးစိတ်လေးတွေကို အလေးမထားတော့ပဲ သူမ လုပ်ချင်ရာလုပ်နေတာက သင့်အပေါ် လေးနက်တဲ့သဘောထားမရှိတော့တဲ့ လက္ခဏာပါပဲ။

သင့်ရဲ့အချစ်ရေးမှာ အခုဖော်ပြခဲ့တဲ့ လက္ခဏာတွေ ကြုံတွေ့နေရပြီဆိုရင် ချစ်သူနဲ့ သေချာဆွေးနွေးအဖြေရှာဖို့ လိုနေပါပြီ။ သူမ ဘာဖြစ်ချင်နေတာလဲ၊ ဘာတွေ မှားနေတာလဲ၊ ရှေ့ဆက်ဖို့ဖြစ်နိုင်မဖြစ်နိုင် စသဖြင့် သေချာညှိနှိုင်းအဖြေရှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%