ဘဝထဲက အခြားအရာတွေလိုပါပဲ။ ချမ်းသာကြွယ်ဝမှုဆိုတာ အလိုလိုနေရင်းရရှိပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။
ဒါပေမယ့် သတင်းကောင်းအနေနဲ့ လက်ရှိချမ်းသာအောင်မြင်သူတွေရဲ့ ယုံကြည်မှု၊ အတွေးအခေါ်နဲ့ နည်းလမ်းတွေကို လေ့လာပြီး လက်တွေ့လုပ်ဆောင်မယ်ဆိုရင် သင်လည်း ချမ်းသာနိုင်တယ်ဆိုတာပါပဲ။ လူချမ်းသာတွေလို နေထိုင်ဖို့ ကြိုးစားတော့မယ်ဆိုရင် သင့်အနေနဲ့ စွန့်လွှတ်လိုက်သင့်တဲံ အကျင့်တချို့ရှိပါတယ်။
အရာအားလုံးကို လက်ခံခြင်း
သင့်အနေနဲ့ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတွေ၊ စိတ်ကောင်းစေတနာတွေ ရှိနေပါစေ၊ ကိစ္စတိုင်းကို မငြင်းဆိုပဲ လက်ခံနေခြင်းက သင့်ရည်မှန်းချက်ပန်းတိုင်နဲ့ ဝေးကွာနေစေမှာပါ။ ချမ်းသာအောင်မြင်သူတွေနဲ့ သာမန်လူတွေကြားက အဓိကကွာခြားချက်က ကိစ္စတိုင်းကို လက်ခံမနေပဲ ငြင်းသင့်တဲ့ကိစ္စကို အားမနာတမ်းငြင်းတတ်တာပဲလို့ ဘီလျံနာသူဌေးကြီး ဝါရင်းဘူဖတ်က ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သင့်ရည်မှန်းချက်ပန်းတိုင်နဲ့ သွေဖယ်သွားစေမယ့် ကိစ္စတွေကို ငြင်းစရာရှိရင် ငြင်းပါ။ အားနာပြီးလက်ခံနေရင် ဘယ်တော့မှ သင်လိုချင်တဲ့ဘဝကို ရောက်မှာမဟုတ်ပါဘူး။
သက်တောင့်သက်သာနေခြင်း
သာမန်လူတွေက စွန့်စွန့်စားစားမလုပ်ပဲ သက်တောင့်သက်သာနေရဖို့ ကြိုးစားနေကြချိန်မှာ ချမ်းသာအောင်မြင်သူတွေက မသေချာမရေရာမှုတွေကြားမှာ တွက်ချက်စွန့်စားနေတတ်ကြပါတယ်။ သက်သာသလိုနေနေသ၍ ဘယ်တော့မှ သင်လိုချင်တဲ့ ချမ်းသာအောင်မြင်မှုကို မရနိုင်ပါဘူး။ သင့်ရဲ့ Confort Zone ထဲကနေ ထွက်ပါ။ မလုပ်ချင်တာတွေကို လုပ်ကြည့်ပါ။ ထူးခြားတဲ့ရလဒ်ကို ပုံမှန်လုပ်နေကျအရာတွေ လုပ်ရင်း မျှော်လင့်မနေပါနဲ့။
မတတ်နိုင်တာတွေ ဝယ်ယူခြင်း
သာမန်လူတွေက ဝင်ငွေမှန်သမျှ သုံးစွဲရင်း လုံးလည်ချာလည် လိုက်နေချိန်မှာ လူချမ်းသာတွေက ဝင်ငွေလမ်းကြောင်းတွေ အများကြီးဖန်တီးပြီး သူတို့သုံးနိုင်တာထက် ပိုလျှံတဲ့ ဝင်ငွေတွေကို ရရှိနေကြပါတယ်။ သာမန်လူအများစုက လူအထင်ကြီးခံရဖို့ ကိုယ်ပိုင်မဟုတ်တဲ့ပိုက်ဆံနဲ့ မလိုအပ်တာတွေကို ဝယ်လေ့ရှိပါတယ်။ ချမ်းသာချင်ရင် သင်ရှာနိုင်တာထက် လျှော့သုံးနိုင်အောင် ကြိုးစားပါ။ ပိုတဲ့ငွေကို စုဆောင်းပါ။ ရင်းနှီးမြုပ်နှံပါ။
အဆိုးမြင်စိတ်များခြင်း
သင့်ကိုယ်သင် ပြောလေ့ရှိတဲ့ စကားတွေက သင့်ရဲ့စိတ်နေစိတ်ထားကို ဖန်တီးပေးပါတယ်။ သင် ဘယ်လိုတွေးလဲ၊ ဘယ်လို စဉ်းစားလဲဆိုတာက သင့်ဘဝကို ပုံဖော်သွားတာပါပဲ။ ဒါ့ကြောင့် သင့်ကိုယ်သင် ဘယ်လိုစကားတွေ ပြောလေ့ရှိလဲ၊ ဘယ်လိုအတွေးတွေ တွေးလေ့ရှိလဲဆိုတာ ပြန်သုံးသပ်ပါ။ မကောင်းတာတွေ မတွေး၊ မပြောပဲ ကောင်းတာတွေပဲ တွေးပါ ပြောပါ။
ရည်မှန်းချက် မရှိခြင်း
လူအများစု မချမ်းသာရတဲ့အကြောင်းရင်းက ချမ်းသာအောင်မြင်ရေးကို တိကျသေချာတဲ့ ရည်မှန်းချက်တစ်ခု ထားပြီး အကောင်အထည်ဖော်ဖို့ မကြိုးစားကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ချမ်းသာချင်စိတ်ရှိတိုင်း ချမ်းသာလာတာမဟုတ်ပါဘူး။ ချမ်းသာချင်စိတ်ကို ရည်မှန်းချက်အဖြစ်ပြောင်းလဲပြီး လက်တွေ့လုပ်ဆောင်မှသာ ချမ်းသာလာမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine