အမျိုးသားတွေထဲမှာ အတွင်းခံဘောင်းဘီဝတ်ရတာကို မကြိုက်သလို၊ မဝတ်ပဲနေတတ်တဲ့သူတွေရှိပါတယ်။ အတွင်းခံဘောင်းဘီမဝတ်ပဲ သွားလာလှုပ်ရှားနေထိုင်တာက ပေါင်ကြားနေရာကို လေဝင်လေထွက်ကောင်းစေပြီး မှိုနဲ့ဘက်တီရီးယားပြဿနာတွေ နည်းသွားစေနိုင်သလို သုက်ပိုထုတ်လုပ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
ဒါပေမယ့် အတွင်းခံဘောင်းဘီမဝတ်ပဲ နေမယ်ဆိုရင် သိထားသင့်တဲ့အချက်တချို့တော့ ရှိနေပါသေးတယ်။
၁။ ပွတ်တိုက်မှုကို ကာကွယ်ဖို့ လိုတယ်
မြန်မာအမျိုးသားတွေအနေနဲ့ ပုဆိုးဝတ်ထားချိန်မှာ အတွင်းခံဘောင်းဘီမဝတ်တာက သိပ်ကိစ္စမရှိပေမယ့် ဘောင်းဘီဝတ်မယ်ဆိုရင်တော့ သင့်ဖွားဖက်တော်ဝန်းကျင်တဝိုက်မှာ ဘောင်းဘီနဲ့ပွတ်တိုက်မှု ဒဏ်ကို ကာကွယ်ထားဖို့ လိုပါတယ်။ ဘောင်းဘီခွကြားနေရာမှာ ချုပ်ရိုးတွေ ရှိတာကြောင့် သင့်ဖွားဖက်တော်နဲ့ ပွတ်တိုက်မှုကတဆင့် စပ်ဖျင်းဖျင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အတွင်းခံဘောင်းဘီ မဝတ်ပဲ ဘောင်းဘီဝတ်မယ်ဆိုရင် သင့်ဖွားဖက်တော်နဲ့ ပေါင်ကြားတဝိုက်ကို ပေါင်ဒါ ဒါမှမဟုတ် Vaseline တစ်ခုခု လိမ်းထားပေးသင့်ပါတယ်။ ဒါမှ ပွတ်တိုက်မှုကို လျော့နည်းသက်သာစေနိုင်မှာပါ။
၂။ ပေါင်ကြား မယားတော့ဘူးလို့ မထင်ပါနဲ့
အတွင်းခံဘောင်းဘီ မဝတ်တာကြောင့် ပေါင်ကြားယားယံမှု မရှိတော့ဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အတွင်းခံဘောင်းဘီ ဝတ်သည်ဖြစ်စေ၊ မဝတ်သည်ဖြစ်စေ အမျိုးသားတွေမှာ ပေါင်ကြားယားယံလေ့ရှိပါတယ်။ ပေါင်ကြားနေရာဟာ အစိုဓာတ်များပြီး နွေးထွေးတာကြောင့် မျက်စိနဲ့မမြင်နိုင်တဲ့ မှိုပြဿနာကြောင့် ယားယံပြီး အနီပျဉ်တွေ ထလေ့ရှိပါတယ်။ ဒီလိုမဖြစ်စေဖို့ ပေါင်ကြားနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ပေါင်ဒါသုံးပါ။ ချွေးနံ့ပျောက်ဆေး ဖျန်းပေးပါ။ သင့်ဘောင်းဘီတွေကိုလည်း ပုံမှန်လျှော်ပေးပါ။
၃။ ဘောင်းဘီကို မကြာခဏလျှော်ပေးပါ
ပုံမှန်အားဖြင့် ဂျင်းဘောင်းဘီတစ်ထည်ကို ၄ ခါလောက် ဝတ်ပြီးမှ လျှော်လေ့ရှိတယ်ဆိုရင် အတွင်းခံဘောင်းဘီမဝတ်တဲ့အခါ နှစ်ခါလောက်ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ သင့်ရဲ့ လိင်အင်္ဂါတဝိုက်မှာ ဘက်တီးရီးယားတွေ မျိုးစုံရှိနေနိုင်တာကြောင့် အဝတ်အစားတွေမှာ ကပ်ငြိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ သေချာမလျှော်ပဲ ပြန်ဝတ်ရင် ဘက်တီးရီးယားတွေ ကူးစက်ခံရနိုင်ပါတယ်။
၄။ ချွေးကွက်ကြီးပေါ်လာနိုင်တာ သတိထားပါ
အထူးသဖြင့် ရာသီဥတုပူပြင်းတဲ့အချိန်တွေမှာ ပေါင်ကြား၊ ချိုင်းကြားစတဲ့နေရာတွေက ချွေးထွက်များပြီး အင်္ကျီဘောင်းဘီတွေမှာ ချွေးစိုကွက်တွေ ပေါ်လာတတ်ပါတယ်။ အတွင်းခံဘောင်းဘီဝတ်ထားမယ်ဆိုရင် ပေါင်ကြားက ချွေးတွေကို အတွင်းခံဘောင်းဘီက စုပ်ယူထားတာကြောင့် ဘောင်းဘီမှာ ချွေးကွက်ပေါ်မလာနိုင်ပါဘူး။ အတွင်းခံဘောင်းဘီဝတ်မထားရင်တော့ ဘောင်းဘီပေါင်ခွကြားမှာ ချွေးကွက်ကြီးထင်လာနိုင်တာကို သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ချွေးစွန်းတာ များလာတဲ့အခါ ဘောင်းဘီမှာပါ အစွန်းကွက်တွေ ပေါ်လာနိုင်ပါတယ်။
၅။ ဂျင်းအကျပ်တွေ မဝတ်ပါနဲ့
Skinny ဂျင်းဘောင်းဘီတွေ၊ အခြားဘောင်းဘီအကျပ်တွေ ဝတ်မယ်ဆိုရင် အတွင်းခံဘောင်းဘီဝတ်ထားတာ အကောင်းဆုံးပါပဲ။ ဘောင်းဘီအပွတွေတောင် ပွတ်တိုက်မှုဒဏ်ခံရနိုင်တာဖြစ်တဲ့အတွက် အကျပ်တွေဆိုရင် ပွတ်တိုက်မှုဒဏ်ကို ပိုခံရနိုင်ပါတယ်။ လေဝင်လေထွက်လည်း မကောင်းတာကြောင့် ယားယံမှု၊ အနီကွက်ထခြင်းတွေကို ပိုမိုခံစားရမှာဖြစ်ပါတယ်။
၆။ အဝတ်လဲခန်းတွေ မသုံးပါနဲ့
သင်က အတွင်းခံဘောင်းဘီမဝတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် အထက်မှာဖော်ပြခဲ့သလို သင်ပေါင်ခွကြားနေရာမှာ ဘက်တီးရီးယာတွေ စုပြုံနေနိုင်ပါတယ်။ ဒါ့ကြောင့် ဘောင်းဘီအသစ်ဝယ်ဖို့ စမ်းဝတ်ကြည့်မယ်ဆိုရင် ဘောင်းဘီအသစ်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိပြီး နောက်လူဆီကို ကူးစက်သွားနိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine