လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် များသောအားဖြင့် အားနည်းချက်တွေကို ရှောင်ဖယ်ပြီး အားသာချက်တွေကို အာရုံစိုက်ဖို့ လေ့ကျင့်သင်ကြားပေးခံခဲ့ရပါတယ်။ သင်ကိုယ်တိုင်လည်း အားနည်းချက်တွေကို မသိချင်ယောင်ဆောင်ပြီး နေသားကျနေမှာပါ။ ဒါပေမယ့် သင်သိထားသင့်တာတစ်ခုက ဘယ်သူမှ ပြီးပြည့်စံနေတာ မရှိဘူးဆိုတာပါပဲ။ ဒါ့ကြောင့် သင့်အားနည်းချက်တွေကို ဖုန်းကွယ်သိုဝှက်နေမယ့်အစား ပိုကောင်းလာအောင် ပြောင်းလဲသင့်ပါတယ်။ အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အောင်မြင်သူတွေရဲ့ နည်းလမ်းကောင်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။
စိတ်အားထက်သန်မှုရှိတာ တစ်ခုခုကို လုပ်ဆောင်ပါ
သင့်ဘဝမှာ အောင်မြင်ကြီးပွားချင်တယ်ဆိုရင် စိတ်အားထက်သန်မှုရှိတာကို လုပ်ဆောင်ဖို့ လိုပါတယ်။ အောင်မြင်သူတွေကလည်း သူတို့လုပ်ချင်တာကို လုပ်ခဲ့ကြတာပါ။ သူတို့လုပ်ချင်တာက ကျွမ်းကျင်ပိုင်နိုင်တဲ့အရာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အာရုံစိုက်ပြီး တိုးတက်မှုရှိအောင် ကြိုးစားတတ်ကြပါတယ်။ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ပြောင်းလဲနိုင်အောင် အောင်မြင်မှုဆီကို လျှောက်လှမ်းနိုင်မယ်ဆိုတာ အောင်မြင်သူတွေက သိကြပါတယ်။
အချိန်စီမံခန့်ခွဲမှု
အချိန်စီမံခန့်ခွဲမှုဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့ အချိန်ကို ဘယ်လိုအသုံးချရမလဲဆိုတာ မသိရင် အခြားဘယ်နည်းဗျူဟာမှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမလဲဆိုတာ သေချာသိဖို့ လိုပါတယ်။
အရည်အချင်းတွေ တိုးတက်အောင်လုပ်ပါ
သင့်ရဲ့ အားနည်းချက်တွေကို လူတွေသတိမပြုမိအောင် လုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းက သင့်မှာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားခြင်းပဲ ဖြစ်ပါတယ်။ သင့်မှာရှိပြီးသား အရည်အချင်းတွေကို တိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် အားသာချက်တွေကို ထူးခြားပြောင်မြောက်လာစေပြီး ဘယ်နေရာမှာ ထူးခြားကျွမ်းကျင်လဲဆိုတာ သိလာစေပါတယ်။
တိကျသေချာတဲ့ အစီအစဉ်ချမှတ်ပါ
သင့်ရဲ့ အားနည်းချက်တစ်ခုကို သေချာအာရုံမစိုက်ပဲ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်ဖို့ တိကျသေချာတဲ့ အစီအစဉ်တစ်ခု ချမှတ်လုပ်ဆောင်ပါ။ အားနည်းချက်တွေ ပြောင်းလဲတိုးတက်စေနိုင်ဖို့ အချိန်မဖြုန်းပါနဲ့။ အစီအစဉ်အတိုင်း အတိအကျလိုက်နာဆောင်ရွက်ပါ။
သတ္တိရှိပါ
သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ စွန့်လွှတ်စွန့်စားမှုတွေက မဖြစ်မနေကြုံတွေ့ရမှာပါ။ ဒါတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ ကျရှုံးမှာ လဲပြိုကျမှာကို ကြောက်တဲ့စိတ်ကြောင့် အပြောင်းအလဲကို ရပ်တန့်မနေပါစေနဲ့။
လဲရင်ပြန်ထပါ
အောင်မြင်မှုဆီသို့ ခရီးလမ်းမှာ ကျရှုံးမှုတွေနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ရမှာပါ။ ဒီလို အဆင်မပြေမှုတွေ၊ အခက်အခဲတွေကြောင့် မျှော်လင့်ချက် ဆုံးရှုံးမခံရပါစေနဲ့။ လဲကျသွားတဲ့အကြိမ်တိုင်း ပြန်ထပါ။ အရှုံးတွေက သင့်ဘဝကို သတ်မှတ်ပုံဖော်မသွားပါစေနဲ့။ လဲကျသွားတိုင်း ရှုံးတာမဟုတ်ပါဘူး။ ပြန်မထမှ တကယ်ရှုံးတာပါ။
အကောင်းမြင်စိတ်တွေနဲ့ ဝန်းရံထားပါ
သင့်ရဲ့ အားနည်းချက်တွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက သင့်ကိုယ်သင် အပြုသဘောဆောင်၊ အကောင်းမြင်စိတ်တွေနဲ့ ဝန်းရံထားဖို့ပါပဲ။ အဆိုးမြင်စိတ်တွေကြောင့် စိတ်ဓာတ်ကျမသွားပါနဲ့။ ရှင်းလင်းပြတ်သားတဲ့ အမြင်နဲ့ ရည်ရွှယ်ချက်ထားပြီး ကြိုးစားပါ။ အားနည်းချက်တွေက အားသာချက်ဖြစ်လာပါလိမ့်မယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine