ခြေကုန်လက်ပန်းကျ ပင်ပန်းနေတဲ့လက္ခဏာ (၇)ခု

ဘယ်သူမဆို စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ပြီး ခြေကုန်လက်ပန်းကျသွာတာမျိုး ဖြစ်ဖူးကြပါတယ်။ လုပ်ငန်းခွင်အတွင်း ဖိအားများတာ ဒါမှမဟုတ် အလုပ်ကို အရမ်းအားစိုက်လုပ်လိုက်မိတာတွေကြောင့် ဘာမှမလုပ်ချင်လောက်အောင် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်သွားတတ်ပါတယ်။ ညနက်ချိန်အထိ အလုပ်တွေလုပ်တာ၊ ခိုင်းသမျှအလုပ်၊ ပေါ်လာသမျှအလုပ်တိုင်းကို လက်ခံလုပ်ပေးနေရတာ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်အပိုတွေကိုပါ လုပ်ပေးရတာနဲ့ အလုပ်ပြင်ပ မိသားစု၊ သူငယ်ချင်းမိတ်တွေနဲ့ တွေ့ဆုံဆက်နွယ်မှုမရှိတာတွေကြောင့် စိတ်ရောလူပါပင်ပန်းမှုကို ခံစားရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခြေကုန်လက်ပန်းကျ ပင်ပန်းနွမ်းနယ်မှုရဲ့ လက္ခဏာတွေက အတူတူပါပဲ။ ဒီလိုလက္ခဏာတွေ ကြုံတွေ့ရတဲ့အခါမှာ စိတ်ရောလူပါ ပြန်လည်လန်းဆန်းတက်ကြွလာဖို့နဲ့ နောက်တစ်ခါ ခြေကုန်လက်ပန်းကျမသွားအောင် ပြင်ဆင်ကာကွယ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ခြေကုန်လက်ပန်းကျခြင်းရဲ့ လက္ခဏာတွေနဲ့ ဘယ်လိုပြန်ရုန်းထမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ အလုပ်စွမ်းဆောင်ရည် ကျဆင်းပြီး ယုံကြည်မှု နည်းလာမယ်

အရင်က ကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်တဲ့အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တာ၊ လုပ်နိုင်မယ်လို့ ယုံကြည်မှု မရှိတာတွေက ခြေကုန်လက်ပန်းကျနေတဲ့လက္ခဏာတစ်ခုပါပဲ။ ဒီလိုဖြစ်နေတာကို အချိန်မှီပြင်ဆင်ကုစားမှု မလုပ်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ သင့်လုပ်ငန်းစွမ်းဆောင်ရည်က ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အလုပ်ထဲမှာ အာရုံပျက်စရာတွေကို ရှင်းလင်းပါ။ အလုပ်တွေကို ဦးစားပေးအဆင့်သတ်မှတ်လုပ်ဆောင်ပါ။

၂။ အဆိုးမြင်စိတ်များလာမယ်

အမြဲတမ်းအေးအေးဆေးဆေးလုပ်နေကျအလုပ်တွေကိုတောင် မလုပ်ချင်လောက်အောင် ဆင်ခြေဆင်လက်တွေ ပေးနေတာ၊ ဘာကိုပဲဖြစ်ဖြစ် မကောင်းမြင်စိတ်တွေ များနေတာကလည်း စိတ်ရောလူပါ ခြေကုန်လက်ပန်းကျနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အလုပ်ထဲမှာသာမက လူမှုဆက်ဆံရေးနဲ့ ပုံမှန်ဘဝမှာပါ အကောင်းမြင်စိတ်နည်းနေမယ်ဆိုရင် ပြင်ဆင်ကုစားဖို့ လိုနေပါပြီ။ ဒီလိုအဆိုးမြင်စိတ်တွေများလာပြီဆိုရင် လက်ရှိအခြေအနေတွေကို မြင်တဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ သင့်စိတ်ထဲက မကောင်းတဲ့အမြင်တွေ၊ အတွေးအခေါ်တွေက သင့်ရဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အရေးပါလားဆိုတာကို စဉ်းစားပါ။ အကောင်းမြင်စိတ်တွေနဲ့ အစားထိုးပါ၊ ကောင်းတဲ့ဖက်က လှည့်ကြည့်နိုင်အောင် ကြိုးစားပါ။

၃။ စိတ်တိုင်းမကျမှုကို ခံစားရမယ်

ခြေကုန်လက်ပန်းကျလာတဲ့အခါမှာ လုပ်သမျှက စိတ်တိုင်းမကျစရာတွေ များလာတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရာမှာ ဒါမှမဟုတ် အထက်လူကြီးနဲ့ ပြောဆိုဆွေးနွေးမှုတွေမှာ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တိုင်ပင်ပါ။ သင့်ရဲ့လုပ်ဆောင်စရာတွေကို အကောင်းဆုံးစိတ်တိုင်းကျလုပ်ဆောင်နိုင်အောင် လိုအပ်တဲ့အကူအညီရယူပါ။

၄။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မရဖြစ်လာမယ်

ညနက်တဲ့အထိ အလုပ်တွေလုပ်၊ နောက်တစ်ရက်စာအလုပ်တွေအကြောင်း စဉ်းစားတာတွေက သင့်ရဲ့ အိပ်စက်ချိန်တွေကို လျော့နည်းသွားစေပါတယ်။ အိပ်စက်မှုအရည်အသွေးလည်း ကျဆင်းသွားနိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်တာကြောင့် လုပ်ငန်းစွမ်းဆောင်ရည်ကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အိပ်ရာဝင်ချိန်ကို ပုံမှန်သတ်မှတ် အိပ်စက်ပါ။ အိပ်ရာပတ်ဝန်းကျင်ကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ ဝန်းကျင်ဖြစ်ပါစေ။ အိပ်ရာဝင်ခါနီး အချိန်တစ်နာရီလောက်အတွင်းမှာ ဆိုရှယ်မီဒီယာတွေ မသုံးပါနဲ့။

၅။ အာရုံကြောတွေ တင်းလာမယ်

အလုပ်အကြောင်းအချိန်တိုင်းတွေးနေမယ်ဆိုရင် အဆိုးမြင်စိတ်တွေများလာစေရုံသာမက ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေကိုလည်း တင်းမာလာစေပါတယ်။ အထူးသဖြင့် ဇက်ကြောတွေ တင်းနေတာကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် အာရုံကြောတွေ တင်းလာတာကို ခံစားမိရင် စိတ်ကိုလျှော့ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။ သန့်စင်ခန်း ဒါမှမဟုတ် အခြားအေးအေးဆေးဆေးရှိမယ့်နေရာတစ်ခုကို သွားပါ။ မျက်လုံးတွေကိုပိတ်ထားပြီး အသက်ကို ခပ်ပြင်းပြင်း ၁၀ ကြိမ်လောက် ရှုသွင်းရှုထုတ်လုပ်ပါ။

၆။ စိတ်တိုဒေါသဖြစ်လွယ်လာမယ်

အရင်ကထက် ပိုပြီး ဒေါသဖြစ်လွယ်လာတာကလည်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့ လက္ခဏာတစ်ခုပါပဲ။ ခြေကုန်လက်ပန်းကျအောင် ပင်ပန်းနေတဲ့အခါ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ကျဆင်းသွားတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်လူတွေ ကြုံတွေ့နေရတဲ့အခြေအနေကို နားလည်အောင်ရှင်းပြထားပါ။ သင့်ပတ်ဝန်းကျင် ချစ်ခင်ရသူတွေက နားလည်ကူညီပေးမှာ သေချာပါတယ်။

၇။ ဘာမှမလုပ်ချင်လောက်အောင် ပင်ပန်းမယ်

ရိုးရှင်းလွယ်ကူတဲ့အိမ်အလုပ်လေးတွေ၊ လူမှုရေးပွဲလမ်းတွေကိုတောင် မသွားချင်မလုပ်ချင်လောက်အောင် ပင်ပန်းနေပြီဆိုရင် ခြေကုန်လက်ပန်းကျနေပါပြီ။ ဒီလိုဆိုရင် သင့်ရဲ့ အလုပ်တွေထဲမှာ ဦးစားပေးရမယ့်အလုပ်တွေကို ပြန်လည် စဉ်းစားပါ။ နေ့စဉ်လုပ်ဆောင်ရမယ့် ရည်မှန်းချက်အသေးလေးတွေ ချမှတ်လုပ်ဆောင်ပါ။ သင့်ရဲ့ ဦးစားပေးလုပ်ဆောင်စရာတွေထဲမှာ အခန်းသန့်ရှင်းရေးလုပ်ဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ စသဖြင့်ပါမယိဆိုရင် လုပ်ဖြစ်အောင်လုပ်ပါ။ ဒါက သင့်ရဲ့ ခံစားချက်ကို ကောင်းမွန်လာစေနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%