ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်၊ တစ်ခုမှဖြစ်မလာတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ဓာတ်တွေကျပြီး ဘာမှဆက်မလုပ်ချင်လောက်အောင် လက်လျှော့ အရှုံးပေးချင်စိတ်တွေ ဖြစ်လာရင် ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အစီအစဉ်တစ်ခု ဖန်တီးပါ
ဘာလုပ်လုပ်အဆင်မပြေတဲ့အခါမှာ သင်လုပ်ခဲ့သမျှကို ပြန်တွေးပြီး ပိုကောင်းတဲ့အစီအစဉ်တစ်ခု လုပ်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်လည်ချမှတ်ပြီး အရောက်သွားနိုင်မယ့် လက်တွေ့ကျတဲ့အစီအစဉ်တစ်ခု ရေးဆွဲပါ။ အဆင့်တိုင်းအဆင့်တိုင်းကို စီမံခန့်ခွဲလုပ်ဆောင်နိုင်တဲ့ အဆင့်ငယ်လေးတွေအတွက် ခွဲခြမ်းစိတ်ဖြာပြီး တိုးတက်မှုတစ်ခုချင်းကို မှတ်တမ်းတင်ပါ။ တွေ့ကြုံလာရတဲ့အခက်အခဲနဲ့ အတားအဆီးတွေကို စိတ်ပျက်ဒေါသထွက်မနေပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။
၂။ အသေးအမွှားကိစ္စလေးတွေကို စိုးရိမ်မနေပါနဲ့
ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ အရာတိုင်းကို လိုက်ပြီး စိုးရိမ်ပူပန်နေမယ်ဆိုရင် စိတ်ဖိစီးမှုများပြီး အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီလို စိုးရိမ်သောကတွေက ကြိုးစားအားထုတ်ဖို့ထက် လက်လျှော့အရှုံးပေးဖို့ ဖိအားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး ပြီးဆုံးအောင် လုပ်ဆောင်ပါ။ အသေးအမွှားကိစ္စလေးတွေအတွက် အာရုံများမနေပါစေနဲ့။
၃။ အကောင်းမြင်စိတ်များသူတွေနဲ့ အဆက်အသွယ်လုပ်ပါ
သင့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေက ပတ်ဝန်းကျင်က လူတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါ့ကြောင့် အခက်အခဲတွေ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ သင့်ကို အားပေးလှုံ့ဆော်ပေးနိုင်သူတွေနဲ့ ဆက်သွယ်ပါ။ သင့်ရဲ့ အရည်အချင်နဲ့ လုပ်ရည်ကိုင်ရည်ကို အမှန်တကယ်ယုံကြည်သူတွေနဲ့ အချိန်ဖြုန်းပါ။
၄။ စိတ်အားတက်ကြွမှုရှိနေပါစေ
စိတ်ကို လွမ်းမိုးလှုံ့ဆော်ပြီး စိတ်အားတက်ကြွစေဖို့က အရေးကြီးပါတယ်။ ဒါမှသာ စိတ်ထဲမှာရှိတာတွေကို အမြဲတမ်း အမှတ်ရနေစေပြီး ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိစေမှာပါ။ ဒါ့ကြောင့် သင့်စိတ်ကို လှုံ့ဆော်ပေးနိုင်မယ့် စာတွေဖတ်ပါ။ ဟောပြောပွဲတွေ တက်ပါ။ စိတ်အားတက်ကြွစေနိုင်မယ့် ဟောပြောချက်တွေ နားထောင်ပါ။
၅။ သင့်ရဲ့ စွမ်းဆောင်ရည်ကို သိပါ
သင်ဘာလုပ်နိုင်လဲဆိုတာ သင်ကိုယ်တိုင်က မသိဘူးဆိုရင် လက်လျှော့အရှုံးပေးလိုက်ဖို့ လွယ်ပါတယ်။ လက်လျှော့အရှုံးပေးလိုက်ပြီဆိုတာနဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်းတွေကို ဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အားနည်းချက်၊ အားသာချက်တွေ အားလုံးကို သိအောင် ကြိုလုပ်ပါ။ သင့်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး အားသာချက်တွေကို အသုံးချပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine