လူတွေက တစ်ဦးနဲ့တစ်ဦး စတင်တွေ့ဆုံရာမှာ ပထမဆုံးအမြင်ပေါ်မှာ မူတည်ပြီး အကဲဖြတ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်အချိန်မဆို သင့်ကိုယ်သင် အကောင်းဆုံးပြင်ဆင်နေထိုင်ခြင်းက အရေးကြီးပါတယ်။ ဒီလို မိမိကိုယ်ကိုယ် သပ်သပ်ရပ်ရပ်နဲ့ ပြင်ပြင်ဆင်ဆင်နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ နေသင့်တဲ့အကြောင်းရင်းတချို့ကို ဖော်ပြလိုက်ပါတယ်။
လူတွေရဲ့ အထင်ကြီးမှုကို ရရှိနိုင်တယ်
အမြဲတမ်း သပ်သပ်ရပ်ရပ်ပြင်ပြင်ဆင်ဆင် ဝတ်စားနေထိုင်ခြင်းက လူတွေနဲ့ဆက်ဆံရာမှာ ပထမဆုံးတွေ့လိုက်ရုံနဲ့ အထင်ကြီး လေးစားမှုကို ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် သွားရောက်မယ့်နေရာ၊ အချိန်အခါကိုလိုက်ပြီး အချိန်တစ်ခုပေးပြီး ဝတ်စားဆင်ယင်သင့်ပါတယ်။ သင့်ရဲ့ ဝတ်စားဆင်ယင်မှုတစ်ခုချင်းစီကို အသေးစိတ်ဂရုစိုက်ပါ။
လူတွေက သင့်ကို ပိုလေးစားကြမယ်
လူနှစ်ယောက် ယှဉ်ပြီး လမ်းလျှောက်လာတယ်ဆိုပါစို့။ တစ်ယောက်က ကောင်းမွန်သပ်ရပ်စွာ ဝတ်စားထားပြီး နောက်တစ်ယောက်က မီးပူမတိုက်ကြေမွနေတဲ့ အဝတ်အစားတွေဝတ်ထားမယ်၊ ဖိုသီဖတ်သီဖြစ်နေမယ်ဆိုရင် ဘယ်သူ့ကို လူတွေက တလေးတစားဆက်ဆံမယ်လို့ ထင်ပါသလဲ။ ဒါ့ကြောင့် လူတွေရဲ့ လေးစားမှုကို လိုချင်ရင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင် နေထိုင်ပါ။
စတိုင်အမျိုးမျိုးကို ဖော်ထုတ်နိုင်တယ်
သင့်ကိုယ်သင် သပ်သပ်ရပ်ရပ်ကြည့်ကောင်းနေဖို့အတွက် ဝတ်စားဆင်ယင်ခြင်းက စတိုင်အသစ်တွေကို ဖော်ထုတ်နိုင်ဖို့ အခွင့်အရေးပါပဲ။ လိုက်ဖက်သင့်တော်အောင် တွဲဖက်ဝတ်ဆင်ရင်း အဝတ်အစားအသစ်တွေ၊ စတိုင်အသစ်တွေကို ဖော်ထုတ်လာနိုင်ပါလိမ့်မယ်။
မိမိကိုယ်ကို ယုံကြည်မှုကို မြင့်မားစေတယ်
အဝတ်အစားကို အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင်ဝတ်ဆင်ခြင်းက ယုံကြည်မှုကို တိုးတက်စေနိုင်တယ်ဆိုတာ သေချာပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက လူတွေနဲ့ တွေ့ဆုံဆက်ဆံရာမှာ အသာစီးရစေနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်ဖို့လည်း ကူညီနိုင်ပါတယ်။
တာဝန်ယူစိတ်ကို ဖော်ထုတ်ပြရာရောက်တယ်
သင့်ရဲ့တစ်နေ့တာမှာ လုပ်စရာရှိတာတွေကို အာရုံစူးစိုက်မှုအပြည့်၊ တာဝန်ယူမှုအပြည့်နဲ့လုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ခြင်းက မိမိကိုယ်ကိုယ် တာဝန်ယူမှုနဲ့ အာရုံစူးစိုက်မှုရှိခြင်းကို ပြသရာရောက်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine