ချမ်းသာကြွယ်ဝမှုအတွက် ဒီနေ့ပဲ စလုပ်သင့်တဲ့ အလေ့အကျင့်(၁၀)ခု

ဘဝမှာ ငွေကြေးအပူအပင်ကင်းမဲ့ပြီး ချမ်းသာကြွယ်ဝစွာ နေထိုင်ချင်ပါသလား။ ဒါက လူတိုင်းရဲ့ အိပ်မက်ဖြစ်နိုင်ပါတယ်။ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်သူတွေကတော့ လူနည်းစုပဲ ရှိပါလိမ့်မယ်။ အရမ်းခက်ခဲနေလို့လား ဆိုတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ငွေကြေးဆိုင်ရာ ခံယူချက်၊ ယုံကြည်ချက်တွေ ရှိထားပြီး မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေမယ်ဆိုရင် ချမ်းသာလာဖို့က မခက်ခဲပါဘူး။ ဒါ့ကြောင့် သင့်ကို လက်ရှိထက်ပိုပြီး ငွေကြေးချမ်းသာလာစေနိုင်မယ့် အလေ့အကျင့်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ မနက်စောစောအိပ်ရာထပါ

မနက်စောစောအိပ်ရာထဖို့က သင်မကြားချင်ဆုံး စကားဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ချမ်းသာလာဖို့ ထီပဲထိုးနေပါ။ ငွေကြေးချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ အိပ်နေချိန်မှာတောင် ငွေဝင်နေဖို့က အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အရင်ဆုံး အားထည့်ပြီး လုပ်ဆောင်ဖို့လည်း လိုပါတယ်။

ထိရောက်တဲ့မနက်ခင်း လုပ်ရိုးလုပ်စဉ်တွေက သင့်ကို ချမ်းသာကြွယ်ဝအောင်ကူညီပေးနိုင်ပါတယ်။ လက်ရှိကမ္ဘာမှာ အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းရှင်တွေအားလုံး မနက်ခင်းစောစောအိပ်ရာထတတ်ကြတာက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။

မနက်ခင်းစောစောအိပ်ရာထခြင်းက သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို တိုးတက်စေပါတယ်။ ရည်မှန်းချက်တွေကို ပုံဖော်ရာမှာ ပိုမိုတိကျရှုင်းလင်းတဲ့ အမြင်ရစေပြီး ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာစေဖို့လည်း အထောက်အကူဖြစ်ပေါတယ်။ ဒီကနေတဆင့် သင့်ရဲ့ အလုပ်အကိုင်၊ လုပ်ငန်းတွေမှာ ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ပြီး ဝင်ငွေတွေ တိုးတက်လာမှာပါ။

ပုံမှန် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရတဲ့အလုပ်တစ်ခုလုပ်ပါ။ မနက်ခင်းအစောပိုင်းနဲ့ ညခင်း မအိပ်ခင်မှာလည်း ဝင်ငွေရမယ့် အလုပ်တစ်ခု ဒါမှမဟုတ် သင့်ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်လုပ်ပါ။

၂။ လိုအပ်တာထက် ပိုလုပ်ပါ

ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာကိုပဲလုပ်လုပ် လိုအပ်တာထက် အနည်းငယ်လောက် ပိုလုပ်တာက သင့်ကို အကျိုးရှိစေနိုင်မှာ သေချာပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ တာဝန်ထက်ပိုပြီး လုပ်ပေးတာက ရာထူးတိုးဖို့၊ လုပ်ခလစာတိုးဖို့ တောင်းဆိုရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်သူတစ်ယောက်အနေနဲ့လည်း သင့်ရဲ့ဖောက်သည်တွေကို ရောင်းချဆက်ဆံရာမှာ လိုအပ်တာထက်ပိုပြီး တတ်နိုင်သမျှ ဝန်ဆောင်မှုပေးတာ၊ ဂရုစိုက်တာတွေက သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ရောင်းအားတက်စေဖို့ ကူညီပေးနိုင်ပါတယ်။

၃။ ငွေကြေးဆိုင်ရာ ခံယူချက်တွေကို ပြောင်းလဲပါ

ဒီအချက်ကတော့ ရှင်းပါတယ်။ သင့်မှာ ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အကျင့်တွေ၊ ခံယူချက်အမှားတွေရှိနေမယ်ဆိုရင် ဘယ်တော့မှ ချမ်းသာလာနိုင်မှာမဟုတ်ပါဘူး။ ငွေကို မစုဆောင်းတတ်တာ၊ အချိန်ကြာလာရင် တန်ဖိုးလျော့သွားမယ့် အသုံးအဆောင်ပစ္စည်းတွေအတွက် လက်လွတ်စပယ်သုံးစွဲတာ၊ ရင်းနှီးမြုပ်နှံမှုမလုပ်တာတွေက ငွေကြေးဆိုင်ရာ အကျင့်ဆိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးဆိုင်ရာ ခံယူချက်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ပြောင်းလဲပြင်ဆင်ပါ။

၄။ Vision Board တစ်ခု ဖန်တီးပါ

Vision Board ဆိုတာကတော့ သင်ဖြစ်ချင်တာတွေ၊ ပိုင်ဆိုင်ချင်တာတွေကို ချရေးထားတဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။ Vision Board မှာ ရချင်တဲ့ ဝင်ငွေ၊ စီးချင်တဲ့ကား၊ နေချင်တဲ့အိမ်စသဖြင့် လိုချင်တာတွေအားလုံး၊ ဖြစ်ချင်တာတွေအားလုံးကို စာတွေနဲ့ရော ပုံတွေနဲ့ပါ ဖန်တီးထားလို့ရပါတယ်။ ဒီလို ချရေးထားခြင်းအားဖြင့် သင့်ရဲ့ ရည်မှန်းချက်နဲ့ ဖြစ်ချင်တာတွေအားလုံးကို အမြဲတမ်းသတိတရရှိနေစေပြီး အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်ချင်စိတ်တွေ တိုးတက်လာစေနိုင်ပါတယ်။

၅။ လေ့လာသင်ယူပါ

အသိပညာ ဗဟုသုတတွေကလည်း ငွေပါပဲ။ ဒီလိုပြောလို့ သင်တန်းတွေ၊ ကျောင်းတွေ မဆုံးနိုင်အောင် လိုက်တက်နေဖို့ မဆိုလိုပါဘူး။ တကယ့်လက်တွေ့ဘဝမှာ အသုံးတည့်တဲ့ အသိပညာဗဟုသုတတွေက ကျောင်းခန်းထဲမှာ သင်လို့မရနိုင်ပါဘူး။ စာ များများဖတ်ပါ။ လက်ရှိ အလုပ်အကိုင်၊ လုပ်ငန်းနယ်ပယ်ထဲမှာ အသုံးတည့်မယ့် စာတွေဖတ်ပါ။ ပြန်လည်အသုံးချပါ။ လေ့လာသင်ယူမှုကို ဘယ်တော့မှ ရပ်တန့်မသွားပါစေနဲ့။

၆။ ငွေတွေ ပေးကမ်းစွန့်ကျဲပါ

ပေးကမ်းစွန့်ကျဲခြင်း၊ လှူဒါန်းခြင်းက သင့်ရဲ့ပိုင်ဆိုင်မှုတွေကို ယုတ်လျော့မသွားပဲ တိုးပွားလာစေနိုင်တယ်ဆိုရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ပေးကမ်းစွန့်ကျဲခြင်ဟာ စွမ်းအားကြီးတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ လိုအပ်နေသူတွေကို ပေးကမ်းစွန့်ကျဲတာ၊ အကူအညီလိုအပ်နေသူတွေကို တတ်အားသ၍ကူညီတာက သင့်ရဲ့ ရက်ရောမှု၊ ပေါကြွယ်ဝမှုတွေကို အားဖြည့်ပေးနိုင်ပါတယ်။ ပေးကမ်းစွန့်ကျဲခြင်းက သင့်ဆီကို ဥစ္စာဓနတွေစီးဝင်လာစေဖို့ ဆွဲဆောင်ပေးနိုင်ပါတယ်။

၇။ ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်အောင်လုပ်ပါ။

ငွေများများများရှာချင်တယ်ဆိုရင် သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အမြဲမပြတ်ဖြည့်ဆည်းနေဖို့ လိုပါတယ်။ ဒါမှသာ အခွင့်အရေးပေါ်လာတာနဲ့ အမိအရဆုပ်ကိုင်နိုင်စွမ်းရှိနေမှာပါ။ စာဖတ်ပါ။ လိုအပ်တဲ့ သင်တန်းတွေတက်ပါ။ အတွေ့အကြုံတွေ ရှာဖွေပါ။ အမြဲတမ်းစိန်ခေါ်မှုအသစ်တွေအတွက် ပြင်ဆင်ထားပါ။

၈။ ဘေးပေါက်အလုပ်တစ်ခုလုပ်ပါ

သင့်မှာ ပုံမှန်အလုပ်အကိုင် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ရှိပြီးသားဆိုရင်တောင် ဘေးပေါက်အလုပ်တစ်ခု ထပ်လုပ်တာက အမှားတစ်ခု မဟုတ်ပါဘူး။ သင် ဝါသနာပါပြီး စိတ်အားထက်သန်ရာတစ်ခုကို ပုံမှန်အလုပ်ချိန်ပြင်ပမှာ အကောင်အထည်ဖော်နိုင်သလို ဝင်ငွေကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် အတွေ့အကြုံကောင်းတွေကိုလည်း ရစေနိုင်ပါတယ်။

၉။ မိတ်ဆွေအပေါင်းအသင်း လျှော့ပါ

ဘဲတွေနဲ့အတူရေကူးနေပြီး သိမ်းငှက်တစ်ကောင်လို ပျံသန်းချင်နေလို့ မရပါဘူး။ သိမ်းငှက်တစ်ကောင်လို ပျံသန်းချင်ရင် သိမ်းငှက်တွေလို့ ပျံနိုင်ဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့က သိမ်းငှက်တွေနဲ့ အတူနေပြီး ပျံသန်းပုံနည်းလမ်းတွေကို လေ့လာအတုယူဖို့ လိုပါတယ်။ ဒီလိုပါပဲ။ ငွေကြေးချမ်းသာချင်တယ်ဆိုရင် မိတ်ဆွေအပေါင်းအသင်းကအရေးကြီးပါတယ်။ သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ ချမ်းသာကြွယ်ဝသူတွေ၊ အောင်မြင်တဲ့လုပ်ငန်းရှင်တွေရှိနေမယ်ဆိုရင် သူတို့ဆီက နည်းလမ်းနဲ့ အဆက်အသွယ်ကောင်းတွေ ရနိုင်ပါတယ်။ ဒါ့ကြောင့် အပေါင်းအသင်းရွေးချယ်မှုကို ဂရုစိုက်ပါ။ သင့်ရဲ့ တိုးတက်အောင်မြင်မှုကို အထောက်အကူဖြစ်စေနိုင်သူတွေနဲ့ ပိုပြီးအချိန်ဖြုန်းပါ။

၁၀။ လက်တွေ့လုပ်ဆောင်ပါ

ဘဝမှာ ချမ်းသာအောင်မြင်ချင်တယ်ဆိုရင် စိတ်ကူးထိုင်ယဉ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ပါဘူး။ ချမ်းသာစေမယ့် အကြောင်းတွေကို လက်တွေ့လုပ်ဆောင်ဖို့ လိုပါတယ်။ အိမ်ကောင်းကောင်းလေးနဲ့နေရရင် ကောင်းမှာပဲလို့ တွေးနေမယ့်အစား၊ အိမ်ကောင်းကောင်းတစ်လုံးဝယ်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ တွေးပါ။ ဘာမဆို လက်တွေ့လုပ်ဆောင်မှသာ အမှန်တကယ်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်ချင်တာတွေကို စိတ်ကူးပြီး ဖြစ်အောင်လုပ်ဖို့နည်းလမ်းတွေ ရှာပါ။ နည်းလမ်းတွေ့ပြီဆိုတာနဲ့ လက်တွေ့ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%