သင့်ဘဝရဲ့ အသေးစိတ်အချက်အလက်တွေကို ဝေမျှလေ့ရှိသူလား၊ လျို့ဝှက်ထားတတ်သူလား။ အမြဲတမ်းလျို့ဝှက်ထားတာက အကြံကောင်းတစ်ခုမဟုတ်သလို အစစအရာရာ ဝေမျှနေတာကလည်း အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ဘဝရည်မှန်းချက်၊ အောင်မြင်မှုကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘယ်လိုအရာတွေက အခြားသူတွေကို ဝေမျှခြင်းမလုပ်ပဲ လျို့ဝှက်ထားသင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ ရည်မှန်းချက်တွေ
သင့်ရဲ့ ရည်မှန်းချက်တွေကို ဘယ်သူ့ကိုမှ မဝေမျှပဲ သိမ်းထားတာက လက်တွေ့ဖော်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောဆို ဝေမျှလိုက်ခြင်းအားဖြင့် လူတွေရဲ့ ချီးကျူးမှုကို ခံရတဲ့အခါမှာ တကယ်အကောင်အထည်ဖော်နိုင်ခဲ့သလို ခံစားမှုကို ဖြစ်စေပါတယ်။ ဒီခံစားချက်က သင့်ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြိုစားအားထုတ်မှုကို လျော့နည်းသွားစေပြီး အောင်မြင်ဖို့ ကြန့်ကြာစေပါတယ်။
၂။ သင့်ရဲ့ ပုဂ္ဂိုဟ်ရေးအကြောင်းအရာတွေ
သင့်ရဲ့ ပုဂ္ဂိုဟ်ရေးအကြောင်းအရာတွေကို ဘယ်သူ့ကမှ စိတ်မဝင်စားပါဘူး။ သင့်ဘဝနဲ့ပတ်သက်ပြီး ရွေးချယ်မှုတွေက သင့်ကိစ္စဖြစ်ပါတယ်။ အခြားသူတွေရဲ့ အကြံဉာဏ်နဲ့ အားပေးလှုံ့ဆော်မှုမလိုအပ်သေးသ၍ ဘယ်သူကိုမှ ဝေမျှစရာ အကြောင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ ပုဂ္ဂိုဟ်ရေး အကြောင်းအရာတွေကို လိုအပ်တာထက် ပိုပြီးမဝေမျှပါနဲ့။
၃။ မိသားစုအရေးကိစ္စတွေ
လူတိုင်းမှာ မိသားစုအရေးကိစ္စတွေ ရှိကြပါတယ်။ မိသားစုအတွင်းရေးကိစ္စတွေက မိသားစုတွင်းမှာပဲ ဖြေရှင်းဖို့ လိုပါတယ်။ အတွင်းမီးကို အပြင်မထွက်စေရဆိုသလို ပြင်ပက မဆိုင်သူတွေကို ဝေမျှစရာမလိုပါဘူး။ တကယ်လို မဖြစ်မနေ အကူအညီလိုအပ်လာရင်တောင်မှ အရင်းနှီးဆုံးအယုံကြည်ရဆုံးသူတွေကိုသာ ထုတ်ပြောပြီး လိုအပ်တဲ့ အကူအညီရယူပါ။ မဆိုင်သူတွေကို လျှောက်ပြောတာ ဒါမှမဟုတ် လူမှုကွန်ယက်တွေပေါ်တင်တာတွေက သင့်မိသားစုကို လူတွေ ဝိုင်းအကဲဖြတ်ဝေဖန်ကဲ့ရဲ့ဖို့ လမ်းဖွင့်ပေးလိုက်တာပါပဲ။
၄။ ကောင်းမှုလုပ်တာတွေ
အလှူအတန်းလုပ်တာ၊ ကောင်းမှုကုသိုလ်လုပ်တာ၊ လိုအပ်နေသူတွေကို အားပေးကူညီတာတွေက ကောင်းမွန်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။ ဒါတွေကို လျို့ဝှက်ထားစရာ မလိုပေမယ့် ကမ္ဘာလုံးဆိုင်ရာ သတင်းတစ်ခုလို ထုတ်ဖော်ဝေမျှ ကြေညာနေစရာတော့ မလိုပါဘူး။ သက်ဆိုင်ရာလူတွေနဲ့ အသိုင်းအဝိုင်းက သင့်ရဲ့ ကောင်းမှုကို သိရင် လုံလောက်ပါပြီ။
၅။ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေ
လူတိုင်းဟာ အကောင်းကြိုက်ကြပါတယ်။ ဘယ်သူမဆို သူတို့အတိုင်းအတာနဲ့ အကောင်းဆုံးဆိုတာကို ပိုင်ဆိုင်ထားနိုင်ကြပေမယ့် သင့်ရဲ့ ပိုင်ဆိုင်မှုကိုတော့ စိတ်ရှင်းရှင်းနဲ့ မြင်ချင်ကြားချင်စိတ် ရှိမှာမဟုတ်ပါဘူး။ လူတိုင်းရဲ့ စိတ်ထဲမှာ မနာလိုဝန်တိုမှုဆိုတာ အနည်းအများဆိုသလို ရှိပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေအကြောင်း ဝေမျှနေတာက လူတွေရဲ့ မကောင်းမြင်စိတ်ကို နိုးဆွနေသလိုပါပဲ။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် နှိမ့်ချပါ။ အခြားသူတွေ အကြောင်း ချီးကျူးပါ။ ဒီလိုဆိုရင် လူချစ်လူခင်များသူတစ်ယောက် ဖြစ်နိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine