မျှော်လင့်မထားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နိုင်စေဖို့

ဘဝမှာ မျှော်လင့်မထားတဲ့ အခြေအနေတွေနဲ့ လူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ အရေးကြီးတာက ဒီလို မျှော်လင့်မထားတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲ။ ဘဝဆိုတာက အခက်အခဲ၊ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နေတာပါ။ ဒါ့ကြောင့် အရာအားလုံးစိတ်ကူးထားတဲ့အတိုင်း အဆင်ပြေချောမွေ့နေမယ်လို့ ထင်မှတ်ထားလို့ မရပါဘူး။

မျှော်လင့်မထားတဲ့အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလို ကြုံတွေ့ခဲ့ရရင် အဆင်ပြေစေနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

တည်ငြိမ်မှုကို ထိန်းသိမ်းပါ၊ တည်ငြိမ်အောင် လေ့ကျင့်ပါ

ဘဝမှာ မျှော်လင့်မထားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့က မဖြစ်မနေလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ ပြဿနာက ဘယ်လောက်ပဲ ကြီးမားနေပါစေ တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ စိတ်လှုပ်ရှားနေမယ်၊ တုန်လှုပ်ခြောက်ခြားနေမယ်ဆိုရင် ပြဿနာက ရှိရင်းစွဲထက် ပိုကြီးလာတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် ဘယ်ကိစ္စမဆို ယုံကြည်မှုရှိရှိ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။

လက်ခံနိုင်စွမ်းကို ပျိုးထောင်ပါ

ဘဝမှာ သင်ဖြစ်ချင်တဲ့အတိုင်းမဖြစ်ပဲ ထူးခြားအံ့သြစရာတွေ အပြည့်ရှိနေမှာပါ။ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် လက်ခံနိုင်စွမ်းရှိတာက ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ကိစ္စကို လက်မခံနိုင်ပဲ ငြင်းဆန်နေတာက ပိုမိုခက်ခဲတဲ့အခြေအနေတွေဆီကို ရောက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် မျှော်လင့်မထားတဲ့အခြေအနေတွေ တွေ့ကြုံလာရတဲ့အခါ လက်ခံနိုင်အောင် အရင်ဆုံးကြိုးစားပါ။ ပြီးမှ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားပါ

နည်းလမ်းတကျ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ

ဘဝခရီးကို လျှောက်လှမ်းရာမှာ ပြဿနာတိုင်းကို ရှောင်နေလို့ မဖြစ်နိုင်ပါတယ်။ တချို့ပြဿနာတွေက ရှောင်လွှဲလို့ မရပါဘူး။ ဒီလို ရင်ဆိုင်ရတဲ့အခါမှာ စိတ်ညစ်၊ စိတ်ဆင်းရဲနေမယ့်အစား ပြေလည်သွားစေနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို စဉ်းစားပါ။ ဘယ်ကိစ္စမဆို အဖြေရှိပါတယ်။ သေချာအာရုံစိုက်ပြီး နည်းလမ်းတကျစဉ်းစားကြည့်မယ်ဆိုရင် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေ့မှာပါ။

မိမိကိုယ်ကို ထိန်းချုပ်ပါ

မျှော်လင့်မထားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိဖို့ လိုပါတယ်။ မထိန်းသိမ်းနိုင်ဘူးဆိုရင် အခြေအနေအားလုံးက ပိုဆိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေ၊ စိတ်နောက်ကိုယ်ပါမလုပ်မိအောင် ထိန်းသိမ်းနိုင်စွမ်းရှိအောင် လေ့ကျင့်ထားပါ။

အကောင်းမြင်စိတ်မွေးပါ

အကောင်းမြင်စိတ်ရဲ့ စွမ်းအားက ဒီနေရာမှာလည်း အသုံးဝင်ပါတယ်။ ဘဝမှာ မဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ၊ မျှော်လင့်မထားတာတွေ ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှာ အဆိုးမြင်စိတ်တွေနဲ့ မြင်နေမယ့်အစား အကောင်းဖက်ကနေ မြင်နိုင်အောင် ကြိုးစားပါတယ်။ ဘယ်ကိစ္စမဆို အကောင်းဖက်က ကြည့်တတ်မယ်ဆိုရင် ထင်ထားသလောက်မဆိုးတာကိုတွေ့ရပါလိမ့်မယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%