ချစ်သူစုံတွဲတွေ ကြားထဲမှာ အမြဲတမ်း ပျော်ရွှင်ကြည်နူးနေရတယ်ဆိုတာ မရှိပါဘူး။ ပြီးပြည့်စုံအောင် ပျော်ရွှင်နေရတဲ့ စုံတွဲတွေဆိုတာ ဒစ္စနေးကာတွန်းကားတွေထဲမှာပဲ ရှိပါလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာ စုံတွဲတွေက ရန်ဖြစ်စကားများကြပါတယ်။ နည်းနည်းဖြစ်တာနဲ့ များများဖြစ်တာပဲရှိပါလိမ့်မယ် ရန်မဖြစ်တဲ့ စုံတွဲဆိုတာတော့ မရှိပါဘူး။ ဒီနေရာမှာ ဘယ်တော့မှ ရန်မဖြစ်ဘူးလို့ ထင်ရလောက်အောင် စကားများရန်ဖြစ်ခဲတဲ့ ချစ်သူစုံတွဲတချို့လည်း ရှိပါတယ်။ သူတို့ရဲ့ လျို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်လိုက်ပါ။
သူတို့က အချင်းများမယ့် ကိစ္စကို သေချာရွေးချယ်ကြတယ်
ပျော်ရွှင်ကြည်နူးချိန်များတဲ့ စုံတွဲတွေဟာ ဘယ်အချိန်မှာ ရန်ဖြစ်ရမလဲဆိုတာ သိကြပါတယ်။ သူတို့က အမြဲတမ်း စကားများရန်ဖြစ်ဖို့ ပြင်ဆင်ထားသူတွေ မဟုတ်ပါဘူး။ တနည်းအားဖြင့် ပြောရရင် မလိုအပ်တဲ့ အသေးအမွှားကိစ္စလေးတွေအတွက် ရန်ဖြစ်လေ့မရှိပါဘူး။ အရေးကြီးတဲ့ကိစ္စတွေမှ သေချာပြောဆိုတတ်ကြပါတယ်။
စကားလုံးတွေရဲ့ စွမ်းအားကို သိကြတယ်
ချစ်သူစုံတွဲတွေဟာ တစ်ယောက်အကြောင်းတစ်ယောက် အသိဆုံးလူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ဖြစ်ကြတဲ့အချိန်မှာ တဖက်သူအတွက် အနာကျဉ်ဆုံးဖြစ်စေမယ့် စကားလုံးတွေကို ရွေးချယ်သုံးနှုန်းလေ့ရှိပါတယ်။ ရန်သိပ်ဖြစ်လေ့မရှိတဲ့ စုံတွဲတွေကတော့ ပြောဆိုတဲ့စကားလုံးတိုင်းကို ဂရုစိုက်တတ်ကြပါတယ်။ တဖက်သူ စိတ်ကို နှိုးဆွသလိုဖြစ်စေမယ့် စကားလုံးတွေ၊ နှိမ့်ချတဲ့စကားတွေကို ရှောင်တတ်ကြပါတယ်။
အစဆွဲမထုတ်တတ်ကြဘူး
ဘယ်သူမှမဆို အထိမခံတတ်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ဒီအကြောင်းအရာတွေကို အစဆွဲထုတ်တာက အတောမသတ်နိုင်တဲ့ အငြင်းပွားစကားများခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခုခု အခဲမကျေဖြစ်နေမယ်ဆိုရင်၊ အထင်လွဲမှားနေမယ်ဆိုရင် တဖက်သူရဲ့စိတ်ကို အစဆွဲမထုတ်ပဲ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးသုံးသပ်ပါ။ တဖက်သူကို စကားနာထိုးပြီး ပြဿနာကို အစမပျိုးပါနဲ့။
ရန်ဖြစ်စကားများတာတွေကနေ သင်ခန်းစာယူတယ်
ချစ်သူစုံတွဲတိုင်း ရန်ဖြစ်ကြပါတယ်။ ရန်သိပ်ဖြစ်လေ့မရှိတဲ့ စုံတွဲတွေကတော့ ရန်တစ်ခါဖြစ်ပြီးတိုင်း သင်ခန်းစာယူတတ်ကြပါတယ်။ နှစ်ဦးကြား အငြင်းပွားရတဲ့ကိစ္စတွေကို သေချာနားလည်အောင် ကြိုးစားရင် အပြန်အလှန်နားလည်မှုနဲ့ အသိတရားတွေ တိုးတက်လာကြပါတယ်။ ဒါ့ကြောင့် အမှားတွေကနေ သင်ခန်းစာယူပြီး နောက်ထပ်ပြဿနာတွေမဖြစ်အောင် ဆင်ခြင်ကြပါတယ်
သွယ်ဝိုက်ရန်လိုခြင်းမရှိဘူး
ချစ်သူစုံတွဲတွေကြားမှာ သွယ်ဝိုက်ရန်လိုတာက လုံးဝအဆင်မပြေနိုင်ပါဘူး။ မကျေနပ်ချက်တစ်ခုခု၊ အထင်လွဲမှားမှုတစ်ခုခုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောကြားပဲ ရန်လုပ်တာ၊ စကားနာထိုးတာတွေက ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။
ပြီးပြီးရော မေ့မထားတတ်ကြဘူး
ရန်သိပ်ဖြစ်လေ့မရှိတဲ့ စုံတွဲတွေဟာ မကျေနပ်ချက်တွေ၊ အထင်လွဲမှုတွေကို မဖြေရှင်းပဲ မျက်ကွယ်ပြုထားလေ့မရှိပါဘူး။ ဒီလို မသိချင်ယောင်ဆောင်နေတာက သံသယနဲ့ အထင်လွဲမှားမှုတွေကို ပိုမိုကြီးမားလာစေပြီး ပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာဖို့ လိုပါတယ်။
သူတို့က တောင်းပန်တတ်ကြတယ်
ရန်ဖြစ်စကားများပြီးတိုင်း တောင်းပန်တတ်ခြင်းက ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ပါတယ်။ ရန်ဖြစ်ကြချိန်မှာ စိတ်ထဲရှိသမျှ ပြောဆိုလေ့ရှိကြတာကြောင့် တောင်းပန်ခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ တောင်းပန်လိုက်ခြင်းအားဖြင့် နှစ်ဦးကြားက အခဲမကျေမှုတွေ ပြေပျောက်သွားစေနိုင်ပါတယ်။
တစ်ယောက်ရဲ့ စိတ်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်းပေးတတ်တယ်
ချစ်သူနှစ်ယောက်ကြားမှာ အမြဲတမ်းလိုလို ရန်ဖြစ်စကားများနေရမယ်ဆိုရင် သာမန်ထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ နှစ်ဦးထဲက တစ်ဦးဦးမှာ စိတ်အလိုမပြည့်ဝမှုတွေ၊ အလိုမကျတာတွေ များနေလို့ ဖြစ်နိုင်ပါတယ်။ အချစ်ရေးသာယာဖြောင့်ဖြူးဖို့အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ အမြဲတမ်း ရန်ဖြစ်စကားများနေရဦးမှာပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine