သင့်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ တိတ်ဆိတ်နေပါစေ၊ အားလုံးရဲ့ ခေါင်းထဲမှာ အသံတစ်ခုစီရှိပါတယ်။ ဒီအသံက တစ်ခါတစ်လေ ကျယ်လောင်စွာ ထွက်ပေါ်နေသလို တစ်ခါတစ်လေမှာတော့ ခပ်တိုးတိုးသာ ထွက်ပေါ်နေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေဖြစ်နိုင်သလို တစ်ခါတစ်လေမှာ အသုံးဝင်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်
ခေါင်းထဲက အသံက သင့်ကို ပြောင်းလဲဖို့ လိုနေပြီ၊ ပြောင်းလဲမှပိုကောင်းတော့မယ်လို့ ပြောနေပြီဆိုရင် ဘာတွေ ပြောင်းလဲရမလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ ထူးချွန်ထက်မြက်သူတွေကတာ့ သူတို့ရဲ့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ခေါင်းထဲက အသံတွေကို သေချာနာားထောင်ပြီး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲတတ်ကြပါတယ်။ ဒါဆိုရင် သင်ကိုယ်တိုင်ရော တိုးတက်အောင်မြင်မှုတွေ ရဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ ဦးတည်ချက်ကို ဖော်ထုတ်ပါ
မိမိကိုယ်ကိုတိုးတက်အောင်မြင်စေဖို့ ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ ပထမဆုံးအဆင့်က သင့်ရဲ့ဦးတည်ချက်ကို ဆုံးဖြတ်ဖော်ထုတ်ဖို့ပါပဲ။ သင့်ဘဝမှာ ဘယ်နေရာကို ရောက်ချင်လဲ၊ ဘာဖြစ်ချင်တာလဲဆိုတာနဲ့ ဒီလိုဖြစ်ချင်ရတဲ့ အကြောင်းရင်းကို ရှာဖွေပါ။ ဘာကြောင့် ပြောင်းလဲချင်တာလဲဆိုတာနဲ့ ဘယ်ကိုဦးတည်ရမလဲဆိုတာ သိပြီဆိုရင် အပြောင်းအလဲလုပ်ရတာ ပိုလွယ်ပါလိမ့်မယ်။ သင့်ဘဝထဲမှာ ဘယ်အချက်တွေကို ပြောင်းလဲပြင်ဆင်ချင်လဲဆိုတာ ကိုယ်ပိုင်အကြောင်းရင်းတွေ ရှာဖွေပါ။
၂။ အကြံဉာဏ်တွေကို အမြဲတမ်းမျက်စိဖွင့် နားစွင့်ထားပါ
သင့်စိတ်ထဲမှာ ဦးတည်ချက်မရှိဘူးဆိုရင် ရည်ရွယ်ထားတဲ့ပန်းတိုင်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားနိုင်ပါတယ်။ ဒီလိုဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အတွေ့အကြုံရှိသူတစ်ဦးထံက အကူအညီတောင်းပါ။ သင့်ရဲ့ ရည်မှန်းချက်ခရီးက ပိုလွယ်သွားပါလိမ့်မယ်။
၃။ Confort Zone ထဲက ထွက်ပါ
အရာရာအားလုံး အသားကျအဆင်ပြေနေပြီးသား အခြေအနေမှာ သာယာနေသရွေ့ ဘာကိုမှ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ရင်မဆိုင်ရသေးသ၍ ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် Comfort Zone ထဲကနေ ထွက်ပါ။ တစ်နေ့ကို နည်းနည်းစီ သင်မလုပ်ချင်တာတွေကို လုပ်ကြည့်ပါ။ အချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုတွေ ကြီးမားတာကိုတွေ့ရပါလိမ့်မယ်။
၄။ ဘာမှ နေ့ချင်းညချင်း ဖြစ်မလာနိုင်ဘူး
သင့်ပတ်ဝန်းကျင်မှာ အောင်မြင်နေသူအားလုံးက နေ့ချင်းညချင်းအောင်မြင်လာသူ တစ်ယောက်မှ မရှိပါဘူး။ လူမသိသူမသိနှစ်ပေါင်းများစွာ ကြိုးစားပြီးမှ ဒီအချိန်ဒီနေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ အောင်မြင်မှုဆီသို့ ခရီးလမ်းတလျှောက်မှာ မရေရာမှုတွေ၊ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ အများကြီးကို ဖြတ်သန်းရမှာပါ။ ဒီလို အတားအဆီးတွေကို နေ့စဉ်ရင်ဆိုင်ကျော်ဖြတ်ရင်း ပိုမိုသန်မာကြံ့ခိုင်သူတစ်ယောက်ဖြစ်လာမှာပါ။
၅။ သင်က အရေးကြီးတယ်
သင့်ကိုယ်သင် ပြုပြုင်ပြောင်းလဲရာမှာ အရေးကြီးဆုံးပုဂ္ဂိုဟ်က သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သင့်ရဲ့ စွမ်းဆောင်ရည်တွေက ပြောင်းလဲမှုတစ်ခုကို အမှန်တကယ်ဖြစ်ပေါ်စေနိုင်ကြောင့် ယုံကြည်မှုရှိပါ။ သင်ကိုယ်တိုင်က လွဲလို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ဘဝကို ပြောင်းလဲမပေးနိုင်ဘူးဆိုတာ နားလည်ထားပါ။
အောင်မြင်မှုဆီကို လျှောက်လှမ်းရာခရီးမှာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် မျှော်လင့်ချက် ပျောက်မသွားပါစေနဲ့။ ပြဿနာနဲ့ အခက်အခဲတွေက သင်ခန်းစာတွေ အများကြီးပေးနိုင်ပါတယ်။ ကျရှုံးမှှုတွေဟာ အောင်မြင်မှုအတွက် အကောင်းဆုံးဆရာဖြစ်ပါတယ်။ ဆုံးရှုံးမှာကို မကြောက်ပါနဲ့။ မိမိကိုယ်ကို တန်ဖိုးထားပြီး အပြောင်းအလဲတစ်ခုဖြစ်အောင် ကြိုးစားပါ။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine