သင့်ရဲ့ခန္ဓာကိုယ်ဟာ သင့်တော်တဲ့ အလေးထားဂရုစိုက်မှုကို လိုအပ်တဲ့ အဖိုးအတန်ဆုံးပိုင်ဆိုင်မှုတစ်ခုဆိုတာ သိပါသလား။ လူအများစုက နေ့စဉ်လုပ်ငန်းဆောင်တာတွေကြားမှာ ပိတ်မိနေကြပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ အချိန်မရဖြစ်နေတတ်ကြပါဘယ။ ဒါ့ကြောင့်ပဲ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရသလို ပုံပျက်ပန်းပျက်တွေလည်း ဖြစ်လာကြရပါတယ်။ ဒီလိုအခြေအနေတွေကို မလိုချင်ဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်ကို စနစ်တကျအလေးထားဂရုစိုက်မယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးတွေက အများကြီးပါ။ ဒီထဲကမှ အကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အလုပ်လုပ်နိုင်စွမ်း တိုးတက်လာမယ်
ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို အောင်မြင်စေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ရဲ့ခွန်အားကို တိုးတက်စေပြီး လုပ်ငန်းဆောင်တွေကို ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
၂။ ကြံ့ခိုင်တက်ကြွမှုကို ရရှိမယ်
သင့်ခန္ဓာကိုယ်ကို သင့်တော်တဲ့ပုံပန်းသဏ္ဍာန်ရှိအောင် ထိန်းသိမ်းထားချင်ရင် ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ တစ်နေ့ကုန် ကွန်ပျူတာရှေ့မှာ ထိုင်နေတာ၊ အိပ်ရေးမဝတာ၊ အအိပ်လွန်တာတွေက ခန္ဓာကိုယ်အတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုတွေကိုပဲ ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ပါ။ ယောဂလေ့ကျင့်ပါ။ အခြားတက်ကြွလှုပ်ရှားရမယ့်ကိစ္စတွေကိုလည်းအချိန်ရတိုင်းလုပ်ဆောင်ပါ။
၃။ အသားအရေကြည်လင်တောက်ပပြီး လန်းဆန်းနေမယ်
သင့်အနေနဲ့ ကြည်လင်တောက်ပတဲ့အသားအရေနဲ့ ရွှင်လန်းတက်ကြွတဲ့ မျက်နှာကို လိုချင်တာလား ထိုင်းမှိုင်းနေတဲ့ မျက်နှာကို လိုချင်လား ဆုံးဖြတ်ပါ။ ပထမတစ်ခုကို လိုချင်တယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင်ကြည့်ကောင်းငြခ်းဟာ ပျော်ရွှင်မှု၊ ကျန်းမာမှုနဲ့ လန်းဆန်းတက်ကြွမှုတို့တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ဖြစ်ပါတယ်။
၄။ အသက်ရှည်ကျန်းမာလာမယ်
ဘယ်သူမဆို ဘဝတစ်ခုကို တစ်ကြိမ်သာဖြတ်သန်းသွားရတာပါ။ ဒီအချိန်အတွင်းမှာ အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အတွက် သက်ရှည်ကျန်းမာနေအောင် ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပါတယ်။ သင်ကိုယ်တိုင်အတွက်၊ သင့်ခန္ဓာကိုယ်အတွက် အချိန်တွေ သတ်မှတ်ထားပါ။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေပြီး အဖိုးတန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရအောင် ကြိုးစားလုပ်ဆောင်ပါ။
၅။ အာရုံဝင်စားနိုင်စွမ်းကောင်းလာမယ်
အာရုံဝင်စားနိုင်စွမ်း၊ တနည်းအားဖြင့် အာရုံစိုက်နိုင်စွမ်းဟာ တစ်နေ့တာလုပ်ဆောင်စရာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာရွှင်လန်းနေမယ်ဆိုရင် ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုအပြည့်နဲ့ အထိရောက်ဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပြီး အကောင်းဆုံးရလဒ်တွေကို ရရှိလာမှာဖြစ်ပါတယ်။
၆။ ဆက်ဆံရေးတွေကို ခိုင်မြဲစေတယ်
သင့်ကိုယ်သင် ဂရုစိုက်ခြင်းဟာ ပတ်ဝန်းကျင်ကလူတွေကို ဂရုစိုက်ခြင်းပါပဲ။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လှုပ်ရှားမှုတွေကို အတူတူလုပ်ဆောင်ခြင်းက အခြားသူတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ယုံကြည်မှုတွေကို ပိုမိုခံစားရပြီး ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
၇။ စိတ်ကျန်းမာရေးကို အကျိုးပြုတယ်
ကျန်းမာကြံ့ခိုင်တဲ့ စိတ်ဟာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်မှာပဲ ရှိပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေးဟာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းအားဖြင့် စိတ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ကိုပါ လုပ်ဆောင်ပြီးသားဖြစ်ပါလိမ့်မယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine