ကျွန်တော်တို့ လူသားတွေအားလုံးမှာ ဘုံအားဖြင့် တူညီတဲ့ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ငွေကြေးအမြောက်အများ ပိုင်ဆိုင်ရဖို့ပါပဲ။ တနည်းအားဖြင့် ငွေကြေးအပူအပင်ကင်းမဲ့လောက်အောင် ချမ်းသာကြွယ်ဝချင်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေထဲ ရာခိုင်နှုန်းအနည်းငယ်သော လူနည်းစုလောက်ကပဲ ငွေကြေးအပူအပင်ကင်းမဲ့ခြင်းဆိုတဲ့ ရည်မှန်းချက်ချက်ပန်းတိုင်ကို ရောက်ရှိနိုင်ကြပါတယ်။
ကျွန်တော်တို့အားလုံးက ငွေကြေးအတွက် အပူအပင်ကင်းချင်တာကြောင့် ငွေတွေအများကြီး လိုချင်ကြပါတယ်။ ဒါပေမယ့် မေးစရာရှိတာက ငွေအများကြီး ရှာဖို့အတွက် အဆင်သင့်ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆိုတာပါပဲ။
သတင်းကောင်းတစ်ခုရှိတာက အခုခေတ်မှာ ငွေကြေးပြည့်စုံဖို့က အရင်ကလောက် မခက်ခဲတော့ဘူးဆိုတာပါပဲ။
သင့်လျော်မှန်ကန်တဲ့ ငွေကြေးဆိုင်ရာအစီအစဉ်တွေနဲ့ ကိုယ်ပိုင်ငွေကြေးကို သေချာစီမံခန့်ခွဲနိုင်မယ်ဆိုရင် သင်ကိုယ်တိုင်လည်း ငွေကြေးအပူအပင်ကင်းမဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် သင့်ကို ငွေကြေးဥစ္စာချမ်းသာကြွယ်ဝလာပြီး ပိုမိုပျော်ရွှင်စေဖို့ သိထားသင့်တဲ့ အဆင့်(၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ငွေကြေးနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်မွေးပါ
ငွေကြေးဟာ မကောင်းမှုတွေရဲ့ ရင်းမြစ်တစ်ခုဖြစ်တယ်၊ ငွေချမ်းသာရင် လူပျက်စီးတတ်တယ်၊ ပျော်ရွှင်မှုကို ငွေကြေးနဲ့ မဝယ်နိုင်ဘူး စတဲ့ ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းမြင်စိတ်တွေဟာ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတစ်ခု ဖြစ်ပါတယ်။ ဒီလို မကောင်းတဲ့အတွေးအမြင်နဲ့ ခံယူချက်တွေကို ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေ မွေးနိုင်လာပြီဆိုရင် ငွေများများရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုတွေ့ရှိလာမှာ သေချာပါတယ်။
၂။ ငွေကြေးအပူအပင်ကင်းမဲ့မှုဆီသို့ ရည်မှန်းချက်တွေကို ချရေးထားပါ
ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့ ရည်မှန်းချက်တွေကို ချရေးထားပါ။ နေ့တိုင်း သင့်ရဲ့ ရည်မှန်းချက်ကို ပြန်လည်သုံးသပ်ပါ။ ဘယ်လိုအကောင်အထည်ဖော်နိုင်မလဲဆိုတာ စဉ်းစားပါ။ ဒီလိုလုပ်တာက အချိန်အားဖြင့် ငါးမိနစ် ဆယ်မိနစ်လောက်သာ ကြာပါတယ်။ ဒါပေမယ့် သင့်ရဲ့ တစ်နေ့တာမှာ ငွေရှာနိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုတွေးသိ ဆုပ်ကိုင်နိုင်စေဖို့ အထောက်အကူဖြစ်စေနိုငပါတယ်။
၃။ မနက်ဖြန်တိုင်းကို ကြိုတင်ပြင်ဆင်ပါ
သင့်ရဲ့ နေ့ရက်တိုင်း တနည်းအားဖြင့် မနက်ဖြန်တိုင်းကို ကြိုတင်ပြင်ဆင်ပါ။ နောက်တစ်ရက်အတွက် ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်က ညဖက်ဖြစ်ပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သင့်ရဲ့ နေ့ရက်တိုင်းက ပိုမိုတိကျသေချာပြီး အကျိုးရှိတာတွေ လုပ်ဖြစ်စေပါတယ်။ ရည်မှန်းချက်တွေကို ပိုမိုအာရုံစိုက်နိုင်စေပြီး အလုပ်ပြီးမြောက်မှုလည်း တိုးတက်လာနိုင်ပါတယ်။ နောက်တစ်ရက်အတွက် အစီအစဉ်ဆွဲတိုင်းမှာ ဒီနေ့ ငွေကြေးသုံးစွဲမှုကို မှတ်တမ်းပြုစုပါ။ နေ့တိုင်း ဘာတွေကို ဘယ်လောက်သုံးလိုက်လဲဆိုတာ စောင့်ကြည့်ပါ။
၄။ အာရုံစူးစိုက်ခြင်းဥပဒေသ
သင့်ရဲ့ နေ့ရက်တိုင်း၊ နာရီတိုင်းကို အာရုံစူးစိုက်မှုအပြည့်ထည့်ထားတာက အချိန်ကို အကောင်းဆုံးအသုံးချခြင်းပဲ ဖြစ်ပါတယ်။ ငွေကြေးအပူအပင်ကင်းတဲ့ ဘဝကို လိုချင်ရင် အာရုံစူးစိုက်မှုရှိဖို့က မဖြစ်မနေလိုအပ်ပါတယ်။ သင် လုပ်ဆောင်သမျှ အရာအားလုံးက သင့်ရဲ့ ရည်မှန်းချက်တွေကို ဘယ်လောက်အထိ အထောက်အကူပြုလဲဆိုတာ အာရုံစိုက်ထားပါ။
၅။ မိမိကိုယ်တိုင်အတွက် ရင်းနှီးမြုပ်နှံပါ
သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာဖို့ ငွေသုံးခြင်းက သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်းပါပဲ။ ငွေကြေးစီမံခန့်ခွဲမှု၊ တစ်ကိုယ်ရည်သုံးငွေကြေးအသိပညာ စတဲ့ ငွေကြေးဆိုင်ရာ ဗဟုသုတတွေ ရှာမှီးပါ။ သင်တန်းတွေတက်ပါ။ စာအုပ်တွေ ဝယ်ဖတ်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီး ပိုမိုနားလည်သဘောပေါက်နားလည်လာလေလေ၊ ချမ်းသာကြွယ်ဝမှုကို ပိုပြီးတည်ဆောက်လာနိုင်လေပါပဲ။
၆။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ
မနက်ခင်းတိုင်း၊ ဘဝမှာ အရေးကြီးတဲ့အချိန်ရောက်တိုင်းမှာ ဒီမေးခွန်းနှစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
ငါ လုပ်ခဲ့တာတွေ မှန်ရဲ့လား…?
နောက်တစ်ခါ.. ငါ ဒီတစ်ခါထက် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ..?
သင့်ရဲ့ လုပ်ဆောင်ချက်တိုင်းကို ချက်ချင်းသုံးသပ်ပြီး နောက်တစ်ခါဘယ်လိုပြောင်းလဲလုပ်ဆောင်မလဲဆိုတာက သင့်စိတ်ကို အားဖြစ်စေပြီး တိုးတက်လာစေပေါတယ်။ ငွေရှာရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုကိစ္စမျိုးမှာမဆို အသုံးဝင်ပါတယ်။
၇။ အခြားသူတွေအပေါ် ရက်ရောပါ
နောက်ဆုံးအချက်ကတော့ သင်နဲ့ဆက်ဆံရသမျှ လူတိုင်းကို အဖိုးတန်ဝယ်သူတွေလို ဆက်ဆံဖို့ပါပဲ။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် လူတစ်ယောက်ချင်းဆီတိုင်းကို သင့်ဘဝရဲ့ အရေးကြီးပုဂ္ဂိုဟ်အဖြစ်နဲ့ ဆက်ဆံပါ။ သင့်ရဲ့ အသိအမှတ်ပြု ဆက်ဆံမှုကို လူတွေက လက်ခံပြီး သင့်အပေါ်မှာလည်း ထင်မှတ်မထားနိုင်လောက်တဲ့ အသိအမှတ်ပြုမှုတွေ ရှိလာပါလိမ့်မယ်။ ဒီလိုအသိအမှတ်ပြုမှုတွေက ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ ကြီးမားစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine