ရှက်ကြောက်ခြင်းဟာ သင့်ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေးတည်ဆောက်မှာ အတားအဆီးဖြစ်စေနိုင်တဲ့ အကျင့်တစ်ခုပါ။ သူစိမ်းတွေ အထူးသဖြင့် မိန်းကလေးတွေနဲ့ ပြောဆို ဆက်ဆံရတော့မယ်ဆိုရင် ရှက်ကြောက်ပြီး မပြောရဲ မဆိုရဲဖြစ်နေတာက မိမိကိုယ်ကို ယုံကြည်မှုအားနည်းလို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးကို လျှော့တွက် ထားပြီး မိန်းကလေးတွေနဲ့ ဆက်ဆံရတိုင်း အဆင်မပြေနိုင်ဘူးလို့ ခံယူထားလို့ ဖြစ်ပါတယ်။ ဒီလို ရှက်ကြောက်နေမယ်ဆိုရင် မိန်းကလေးတွေနဲ့ အဆင်ပြေဖို့ မလွယ်တာကြောင့် ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ ကောင်းကွက်တွေနဲ့ အားသာချက် တွေကို တွေးပြီး ယုံကြည်မှုကို တည်ဆောက်ပါ
သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေးလေးနက်နက်ဆင်ခြင်သုံးသပ်ပါ။ ဘယ်လိုအကျင့်စရိုက်တွေ ဘယ်အချက်တွေက ဂုဏ်ယူစရာကောင်းလဲ၊ ဘယ်အကြောင်းအရာတွေက အများအားကျရတဲ့ အချက်တွေ ဖြစ်မလဲဆိုတာ သေချာ စဥ်းစားပါ။ ဒီအချက်တွေကို စဥ်းစားမိလာပြီဆိုရင် သင့်ကိုယ်သင်ယုံကြည်မှုတိုးပွားလာပြီး ရှေ့ဆက်ဖို့ သတ္တိတွေလည်းရှိလာမှာပါ။
၂။ ပြင်ပြင်ဆင်ဆင်နေပါ
သပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျကြည့်ကောင်းနေအောင် ကြိုးစားနေထိုင်ပါ။ ကောင်းကောင်းမွန်မွန် ဝတ်စားထားခြင်းဟာ သင့်ကိုယ်သင်ယုံကြည်မှု တိုးစေနိုင်တာကြောင့် ရှက်ရွံ့ သိမ်ငယ်မှုကို နည်းပါးသွားစေပါတယ်။ သင်ကိုယ်သင်ကြည့်ကောင်းနေမှန်းသိနေရင် အခန်းထဲက ဘယ်သူနဲ့ မဆို ပြောဆိုဆက်ဆံဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။
၃။ ဟန်မဆောင်ပါနဲ့
သင့်ကိုယ်သင် အရှိအတိုင်း နေထိုင်လှုပ်ရှားပါ။ သင်မဟုတ်တဲ့ အခြားတစ်ယောက်လို ဟန်ဆောင်မနေပါနဲ့။ စကားကြီး စကားကျယ်တွေပြောပြီး သူရဲကောင်းဆန်ဆန် အပြုအမှုတွေနဲ့ မရှိတာကို အရှိလုပ်ပြီး မိန်းကလေးတွေ အထင်ကြီးအောင် လုပ်မပြပါနဲ့။
၄။ စကားပြောစွမ်းရည်ကို လေ့ကျင့်ထားပါ
စကားပြောစွမ်းရည်ကောင်းပြီး ပြေပြေပြစ်ပြစ် ဆိုတတ်မယ်ဆိုရင် ဘယ်မိန်းကလေးကိုမဆို စကားပြောလို့ရပါတယ်။ ရှက်ကြောက်နေစရာလိုပါဘူး။
၅။ လေ့လာမှတ်သားပါ
မိန်းကလေးတစ်ယောက်ကို ချဥ်းကပ်ရာမှာ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာမှတ်သားပါ။ ဘယ်လိုအချက်တွေကို မိန်းကလေးတွေ သဘောကျတယ်၊ ဘယ်အချက်တွေကိုတော့ လက်မခံနိုင်ဘူးဆိုတာ သိအောင်ကြိုးစားပါ။ မိန်းကလေးတစ်ယောက်ကို သာမန်ခင်မင်ရုံ ချဥ်းကပ်တာနဲ့ ချစ်သူရည်စားဖြစ်ဖို့ ချဥ်းကပ်းတာကလည်း မတူညီတဲ့ အကြောင်းအရာနှစ်ခုပါ။ ကြိုတင်လေ့လာထားခြင်းအားဖြင့် ဘယ်မိန်းကလေးကိုမဆို အကောင်းဆုံးပြောဆိုဆက်ဆံနိုင်မှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine