သင့်ရဲ့ အသားအရေက ဘယ်လိုအမျိုးအစားလဲ…?

အမျိုးသားတွေအတွက် အသားအရေထိန်းသိမ်းနည်းလမ်းတွေကို ဖော်ပြတဲ့အခါ အသားအရေနဲ့လိုက်ဖက်တဲ့ ထုတ်ကုန်တွေကို သုံးဖို့အကြံပေးစကားတွေကို ကြားဖူးကြမှာပါ။ ဒါဆိုရင် သင့်ရဲ့ အသားအရေက ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့ လိုပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ အသားအရေအမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Eudermic Skin (ပုံမှန်ညီမျှတဲ့အသားအရေ)

အမျိုးသားတွေရဲ့ အသားအရေနဲ့ပတ်သက်လာရင် Eudermic အသားအရေအမျိုးအစား အသားအရေပိုင်ရင်တွေက ကံအကောင်းဆုံးလူသားတွေပါပဲ။ သဘာဝအတိုင်းညီညွတ်မျှတပြီး အဆီလည်းမပြန် စိုပြေတဲ့အသားအရေအမျိုးအစားကို Eudermic Skin လို့ ခေါ်ပါတယ်။ ဒီအသားအရေပိုင်ရှင်တွေက အသားအရေပြဿနာနည်းပါးပြီး ချွေးပေါက်တွေကလည်း မမြင်ရနိုင်လောက်အောင် သေးငယ်ပါတယ်။ များသောအားဖြင့် အသားအရေကြည်လင်တောက်ပပြီး ချောမွေ့နေလေရှိပါတယ်။ အသားအရေကောင်းတယ်ဆိုပေမယ့် ပုံမှန်ထိန်းသိမ်းမှုတွေကိုတော့ မလုပ်လို့မရပါဘူး။ ပုံမှန်အတိုင်း ထိန်းသိမ်းမှုလုပ်ဆောင်ပေးဖို့ လိုပါတယ်။

၂။ Xerosis Skin (ခြောက်သွေ့သောအသားအရေ)

အမျိုးသားတိုင်းက အသားအရေကောင်းကောင်းနဲ့မွေးဖွားလာကြတာမဟုတ်ပါဘူး။ တချို့တွေက ခြောက်သွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ကြပါတယ်။ ဒီအသားအရေပိုင်ရှင်တွေက အဆီထုတ်လုပ်မှု နည်းပါးတာကြောင့် ခြောက်သွေ့နေတာဖြစ်ပါတယ်။ အသားအရေကထွက်တဲ့အဆီက ပြင်ပအညစ်အကြေးတွေကို ကာကွယ်ပေးတာကြောင့် အဆီထွက်နည်းခြင်းက အရေပြားပြဿနာတွေကို ကာကွယ်နိုင်စွမ်းနည်းသွားစေပါတယ်။ ဒါ့ကြောင့် အသားအရေ ယားယံခြင်းနဲ့ အရေပြားလန်ခြင်း၊ နီမြန်းခြင်းတွေဖြစ်နိုင်ပါတယ်။ ‌ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေက အဆီကိုဖယ်ရှားတဲ့ ထုတ်ကုန်တွေ မသုံးသင့်ပါဘူး။ အစိုဓာတ်အားဖြည့်အာနိသင်ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို သုံးပါ။

၃။ Oily Skin (အဆီပြန်တဲ့အသားအရေ)

ခြောက်သွေ့တဲ့အသားအရေရဲ့ ဆန့်ကျင်ဖက်က အဆီပြန်တဲ့အသားအရေပဲဖြစ်ပါတယ်။ ဒီအသားအရေပိုင်ရှင်တွေက အဆီထုတ်လုပ်မှုများတတ်သလို ချွေးပေါက်တွေလည်း ကျယ်နေတတ်ပါတယ်။ ဝက်ခြံလည်း မကြာခဏထွက်လေ့ရှိပါတယ်။ သင့်ရဲ့အသားအရေက မှန်ကြည့်လိုက်တိုင်း တောက်ပပြောင်လက်နေမယ်ဆိုရင်၊ ဖုန်းပြောပြီးရင် ဖုန်းမျက်နှာပြင်မှာ အဆီတွေပေနေမယ်ဆိုရင် သင်က အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ပဲဖြစ်ပါတယ်။ ဒီအသားအရေပိုင်ရှင်တွေက အဆီတွေကို ဖယ်ရှားနိုင်တဲ့ မျက်နှာသစ်ဆေးနဲ့ ထုတ်ကုန်ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ညဖက်အိပ်ခါနီမှာလည်း တိုနာတစ်မျိုးမျိုးကို သုံးသင့်ပါတယ်။

၄။ Combination Skin (ပေါင်းစပ်အသားအရေ)

ဒီအသားအရေတွေက တချို့နေရာဒေသတွေမှာ ခြောက်သွေ့ပြီး တချို့နေရာတွေမှ အဆီပြန်တတ်ပါတယ်။ နောက်တစ်မျိုးက ပါးတွေမှာ ခြောက်သွေ့ပြီး နဖူးနဲ့ နှာခေါင်းတွေမှာ အဆီပြန်နေတတ်တာမျိုးဖြစ်ပါတယ်။ ဒီလို အသားအရေတွေက ထိန်းသိမ်းရခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ နေ့တိုင်း ဂျယ် ဒါမှမဟုတ် လိုရှင်းပုံစံ မျက်နှာသစ်ဆေးကို သုံးပါ။ သင့်မျက်နှာသစ်ဆေးမှာ Glycerin ပါဝင်တာသေချာပါစေ။

၅။ Sensitive Skin (အထိမခံအသားအရေ)

ဒီအသားအရေပိုင်ရှင်တွေကတော့ ထိခိုက်လွယ်ပြီး အနီကွက်တွေ၊ အဖုအပိန့်တွေနဲ့ နေလောင်တာတွေ ဖြစ်လွယ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ ရာသီဥတုနဲ့ အပူအစပ်တွေကြောင့်လည်း အရေပြားပြဿနာတွေဖြစ်လွယ်တဲ့ အသားအရေဖြစ်ပါတယ်။ ဒီလို အထိမခံတဲ့အသားအရေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဓာတုပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ အသားအရေကို နူးနူးညံ့ညံ ညင်ညင်သာသာ ထိတွေ့ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ နွားနို့ကို အခြေခံတဲ့ မျက်နှာသစ်ဆေးကို သုံးတာပဲဖြစ်ပါတယ်။

၆။ အသားအရေအမျိုးအစားခွဲခြားနည်း

နည်းလမ်း ၁ – မျက်နှာသစ်ပြီး ခြောက်သွေ့အောင် သုတ်ပါ။ မိနစ် ၃၀ လောက်ကြာအောင် စောင့်ကြည့်ပါ။ မိနစ် ၃၀ ကြာပြီးနောက်မှာ အသားအရေက အဆီပြန်သလိုတောက်ပလာလား၊ ခြောက်သွေ့ကြမ်းတမ်းသွားလာဆိုတာကို ဆုံးဖြတ်ပါ။ သင့်ရဲ့ နဖူးနဲ့ နှာခေါင်းမှာ အဆီပြန်နေတယ်ဆိုရင် ပေါင်းစပ်အသားအရေ ဖြစ်ပါတယ်။ မျက်နှာတစ်ပြင်လုံး တောက်ပြောင်နေရင် အဆီပြန်တဲ့အသားအရေဖြစ်ပါတယ်။

နည်းလမ်း ၂ – အဆီစုပ်စက္ကူအသုံးပြုပြီး သင့်မျက်နှာအသားအရေက အဆီပြန်တဲ့အသားအရေလား ခြောက်သွေ့တဲ့အသားအရေလားဆိုတာ ခွဲခြားနိုင်ပါတယ်။ အဆီစုပ်စက္ကူတစ်ခုကို ယူပါ။ သင့်မျက်နှာရဲ့ နေရာအနှံ့ကို လိုက်တို့ထိပေးပါ။ မျက်နှာတစ်ပြင်လုံးမှာ အဆီတွေရှိနေမယ်ဆိုရင် အဆီပြန်တဲ့အသားအရေဖြစ်ပြီး နဖူးနဲ့ နှာခေါင်းမှာပဲ အဆီတွေရှိမယ်ဆိုရင် ပေါင်းစပ်အသားအရေဖြစ်နိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%