စတိုင်ကျမှုကို ဦးစားပေးတဲ့ အမျိုးသားတိုင်းမှာ ပိုင်ဆိုင်ထားသင့်တဲ့ ရှပ်အင်္ကျီအမျိုးအစားတွေရှိပါတယ်။ ပုံမှန် ကြယ်သီးတပ်ရှပ်အင်္ကျီတွေကနေ ပေါ့ပေါ့ပါးပါး Chambray တွေအထိ သွားလာမယ့်နေရာနဲ့ ရာသီဥတုပေါ် မူတည်ပြီး ဝတ်ဆင်နိုင်မယ့် ရှပ်အင်္ကျီတွေပါ။ ဒီတော့ ဘယ်လိုအင်္ကျီအမျိုးအစားတွေကို ပိုင်ဆိုင်ထားသင့်လဲဆိုတာ လေ့လာကြည့်လိုက်ပါ။
၁။ အောက်စ်ဖို့ဒ် ရှပ်
အောက်စ်ဖို့ဒ် ကြယ်သီးတပ် ရှပ်အင်္ကျီတွေကို ၁၈၉၆ ခုနှစ်မှာ John Brooks က စတင်တီထွင်ခဲ့ပြီး ဂန္တဝင်ရှပ်အင်္ကျီအမျိုးအစားလို့ ပြောရင်လည်း မမှားပါဘူး။ ပိတ်သားအထူနဲ့ ချုပ်ထားပြီး ကော်လာကို ကြယ်သီးနဲ့ ထိန်းထားနိုင်တဲ့ ရှပ်အင်္ကျီဖြစ်ပါတယ်။ ဒီရှပ်အမျိုးအစားဟာ ပုံမှန်ထသွားထလာဝတ်သွားဖို့ အဆင်ပြေနိုင်သလို ပွဲလမ်းတွေ သွားမယ်ဆိုရင်လည်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနိုင်ပါတယ်။ အလုပ်သဘောဆန်တဲ့ နေရာတွေမှာ အရောင်နုတွေကို ဝတ်ပြီး ပေါ့ပေါ့ပါးပါးဝတ်နိုင်တဲ့ နေရာတွေမှာ အရောင်ရင့်တွေကို ဝတ်သင့်ပါတယ်။
၂။ Dress Shirt
Dress Shirt တွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ တည်ငြိမ်ခန့်ညားတဲ့ ပုံစံဖြစ်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ရာမှာ ဝတ်ဆင်လေ့ရှိပါတယ်။ ပုံမှန် ရှပ်အင်္ကျီတွေထက် အနည်းငယ်ထူပြီး ကော်လာတွေက ပိုသိသာပါတယ်။ လက်စည်းကိုလည်း နှစ်ဖက်လှ ချုပ်ထားလေ့ရှိပါတယ်။
၃။ ကျူးဘားကော်လာ ရှပ်
ကျူးဘာကော်လာရှပ်တွေကတော့ နွေရာသီဖက်ရှင်လို့ ပြောလို့ရပါတယ်။ လက်တိုနဲ့ ရင်ဘတ်ကြယ်သီးဖြုတ်ဝတ်မယ်ဆိုရင် သင့်ကို အလန်းစားပုံစံဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သင်ရွေးချယ်တဲ့ ဒီဇိုင်းနဲ့ အရောင်ကိုလိုက်ပြီး ပေါ့ပေါ့ပါးပါး စတိုင်ထုတ်နိုင်မှာပါ။
၄။ အပေါ်ထပ် ရှပ်အင်္ကျီ
အရမ်းလည်း မပူ၊ အရမ်းလည်း မအေးတဲ့ ရာသီဥတုတွေမှာဆိုရင် အပေါ်ထပ် ရှပ်အင်္ကျီတွေက နေသာထိုင်သာရှိစေရုံသာမက စတိုင်လည်း ကျစေနိုင်ပါတယ်။ အခြားရှပ်အင်္ကျီ ဒါမှမဟုတ် တီရှပ်ပေါ်မှာ ထပ်ဝတ်သင့်ပါတယ်။ အပေါ်ထပ်ရှပ်အင်္ကျီတွေက အနည်းငယ်ထူရမှာဖြစ်ပြီး အပြာရောင်၊ မီးခိုးရောင်တွေက အကောင်းဆုံးဖြစ်ပါတယ်။
၅။ ဖလန်နယ် ရှပ်အင်္ကျီ
ဖလန်နယ် ရှပ်တွေက နွေးထွေးပြီး စတိုင်ကျစေနိုင်တဲ့ ရှပ်အင်္ကျီတွေဖြစ်ပါတယ်။ ဖလန်နယ်ရှပ်တွေကို နူးညံ့ပေမယ့် ထူထဲတဲ့ ချည်သားကို အသုံးပြုပြီး အကွက်ပုံစံတွေထုတ်တာ များပါတယ်။ အတွင်းမှာ တီရှပ်ခံပြီး ဝတ်မယ်ဆိုရင် ကြည့်ကောင်းမယ်ဆိုတာ သေချာပါတယ်။
၆။ ရုံးဝတ်ရှပ်အင်္ကျီ
သာမန်ရှပ်အင်္ကျီတွေထဲက အဖြူရောင်နဲ့ အပြာနုရောင်ရှပ်တွေကို ရုံးဝတ်ရှပ်အင်္ကျီလို့ ခေါ်နိုင်ပါတယ်။ လက်ကိုခေါက်တင်ပြီး စမတ်ကျကျနဲ့ အလုပ်လုပ်နိုင်မယ့် ရှပ်အင်္ကျီတွေဖြစ်ပါတယ်။
၇။ Chambray
Chambray တွေကတော့ သင့်အဝတ်ဗီရိုထဲမှာ အသုံးအတည့်ဆုံးဖြစ်နိုင်ပါတယ်။ ဂျင်းအင်္ကျီတွေနဲ့ မတူပဲ အနည်းငယ်ပေါ့ပါးတဲ့ ချည်သားနဲ့ယက်လုပ်ထားတဲ့ Chambray ရှပ်တွေက သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်မှာ သေချာပါတယ်။ Smart Casual ဆန်ဆန်ဝတ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။
၈။ ရှပ်လက်တို
ရှပ်အင်္ကျီလက်တိုတွေကလည်း ဘယ်တော့မှမရိုးနိုင်တဲ့ စတိုင်ဖြစ်ပါတယ်။ အထူးသဖြင့် ကမ်းခြေတွေနဲ့ ကဖေးဆိုင်ထိုင်တဲ့အခါမှာ ဝတ်ဆင်ဖို့ အသင့်ဆုံးပါပဲ။ အရောင်နဲ့ ဒီဇိုင်းမျိုးစုံရွေးချယ်နိုင်ပါတယ်။
၉။ ဂျင်းရှပ်အင်္ကျီ
ဂျင်းရှပ်တွေကလည်း ချက်ချင်းကြည့်ကောင်းစေနိုင်တဲ့ အင်္ကျီအမျိုးအစားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံဝတ်ဆင်နိုင်သလို စမတ်ကျကျလည်း ဝတ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ တီရှပ်အရောင်နု၊ အရောင်ရင့်ဘောင်းဘီတို့နဲ့ တွဲဝတ်တာပဲ ဖြစ်ပါတယ်။
၁၀။ လီနင်ရှပ်အင်္ကျီ
လီနင်သား ရှပ်အင်္ကျီတွေကတော့ ရာသီဥတုပူအိုက်တဲ့အချိန်တွေမှာ အသင့်တော်ဆုံးပါပဲ။ လေဝင်လေထွက်ကောင်းပြီး ခန္ဓာကိုယ်ကို အေးမြစေတဲ့ လီနင်သားရှပ်တွေက ပေါ့ပေါ့ပါးပါးရော စမတ်ကျကျပါ ဝတ်ဆင်နိုင်ပါတယ်။ အင်္ကျီလက်ကို ခေါက်ထားပြီး အရောင်ဖျော့ ချည်သားဘောင်းဘီနဲ့ တွဲဝတ်ရင် သက်တောင့်သက်သာရှိပြီး စတိုင်ကျတဲ့ သွင်ပြင်ကို ရနိုင်ပါတယ်။
၁၁။ ပိုလိုရှပ်
ပိုလိုရှပ်တွေက အားကစားလုပ်တဲ့အချိန်ပဲ ဝတ်နိုင်တာမဟုတ်ပါဘူး။ တီရှပ်တွေနဲ့ မတူပဲ ကော်လာပါဝင်ပြီး လည်ပင်းမှာ ကြယ်သီးအနည်းငယ် ပါတတ်ပါတယ်။ ကမ်းခြေမှာပဲဖြစ်ဖြစ် အားကစားပွဲတစ်ခုခုသွားချိန်မှာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ ဝတ်ဆင်နိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine