ဘဝမှာ လိုအပ်တဲ့ မိတ်ဆွေအပေါင်းအသင်း (၆)မျိုး

သင်ဘယ်လိုလူမျိုးလဲဆိုတာ သင့်ရဲ့အပေါင်းအသင်းတွေကို ကြည့်ပြီး သိနိုင်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ နေ့စဉ်တွေ့ဆုံပေါင်းသင်းနေတဲ့ သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေက သင့်အပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ သင့်ရဲ့ ဘဝခံယူချက်၊ လူမှုဆက်ဆံရေး၊ ငွေကြေးနဲ့ ရှေ့ရေးတို့အပေါ်မှာ အပေါင်းအသင်းတွေရဲ့ သက်ရောက်မှုက အရေးကြီးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အပေါင်းအသင်းတွေကို သေချာရွေးချယ်ပေါင်းသင်းဖို့ လိုပါတယ်။ ဒါဆိုရင် သင့်အပေါင်းအသင်းတွေထဲမှာ ဘယ်လိုလူမျိုးတွေ ရှိသင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ဆန့်ကျင်ဖက်အတွေးအမြင်ရှိသူ

သင့်အနေနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းနေမယ်ဆိုရင် Comfort Zone ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားချင်စိတ် ဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်တူကိုယ်တူသူငယ်ချင်းတွေကြားထဲမှာ အားလုံးက သူလိုကိုယ်လိုအခြေအနေ ရှိနေပြီး ထူးခြားတိုးတက်ချင်စိတ်မဖြစ်လာနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် သင့်အပေါင်းအသင်းတွေထဲမှာ အတွေးအမြင်မတူသူတွေရှိဖို့လိုပါတယ်။ အတွေးအခေါ်ချင်းမတူတဲ့သူတွေက ဘဝနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်တွေ ပွင့်လာအောင် ကူညီပေးနိုင်ပါတယ်။

၂။ ယဉ်ကျေးမှုချင်းမတူသူ

သင့်မှာ ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားမတူတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရှိထားမယ်ဆိုရင် ကမ္ဘာကြီးက ပိုစိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာတရားမတူတဲ့ အသိမိတ်ဆွေတွေကတဆင့် ဘဝကို ရှင်သန်ဖြတ်သန်းပုံနည်းလမ်းအမျိုးမျိုးကို သိရှိလေ့လာနိုင်ပြီး အတွေးအမြင်သစ်တွေကိုလည်း ပွင့်လင်းလာစေနိုင်ပါတယ်။

၃။ အားပေးကူညီတတ်သူ

သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ ဘော်ဒါတွေအတွက်ဆိုရင် ဘယ်တော့မှ မတွန့်ဆုတ်တတ်တဲ့သူ တစ်ယောက် ရှိထားသင့်ပါတယ်။ သူနဲ့ရှိနေရင် အရာအားလုံးအဆင်ပြေနေသလို ခံစားရပြီး လိုအပ်တာကို တတ်အားသရွေ့ကူညီပေးတတ်သူမျိုး ဖြစ်ပါတယ်။ ဒီလို သူငယ်ချင်းမျိုးက ဘဝခရီးကို ဖြတ်သန်းရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။

၄။ အရမ်းစဉ်းစားတဲ့သူ

ဒီသူငယ်ချင်းမျိုးက အရမ်းစဉ်းစားပြီး မေးခွန်းတွေ မေးတတ်တဲ့အတွက် တခါတလေ စိတ်ရှုပ်စရာကောင်းနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ပြဿနာတစ်ခုကို ကြိုတင်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတာကြောင့် သင့်ရဲ့အသိုင်းအဝိုင်းထဲမှာ ရှိထားသင့်ပါတယ်။

၅။ လှုံ့ဆော်တိုက်တွန်းတတ်သူ

သင့်အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဒီလိုသူငယ်ချင်းမျိုးရှိထားသင့်ပါတယ်။ သူတို့က ပိုမိုကြီးမားတဲ့ အလားအလာတွေကို မြင်နိုင်စွမ်းရှိပြီး လှုံ့ဆော်တိုက်တွန်းတတ်ကြပါတယ်။ ရည်မှန်းချက်ကြီးတွေကို အသေးလေးတွေအဖြစ်ခွဲခြမ်းစိတ်ဖြာပြီး လက်တွေ့လုပ်ဆောင်နိုင်အောင် အားပေးကူညီတတ်ကြပါတယ်။

၆။ ရိုးသားပွင့်လင်းသူ

လက်တွေ့အခြေအနေကို ဆန်းစစ်မှုက အရေးကြီးပါတယ်။ အခြေအနေအမှန်ကို မကွယ်မဝှက်ပဲ ဝေဖန်ပိုင်းခြားပြီး ပြောတတ်တဲ့ သူငယ်ချင်းမျိုးက သင့်အတွက်လိုအပ်ပါတယ်။ သူတို့က သူများမပြောချင်တဲ့ကိစ္စတွေကို ပြောဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။ သင့်အကျိုးအတွက် အမုန်းခံပြီး ပြောစရာရှိတာပြောမယ့်သူမျိုးဖြစ်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%