သင်က သင်္ချာညံ့တယ်ဆိုရင်တောင်မှ ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လာရင် စိတ်ပူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ငွေကြေးကို စီမံခန့်ခွဲရတာက သင်္ချာတွက်ရတာလောက် မခက်ခဲလို့ပါပဲ။ သင့်အနေနဲ့ အခြေခံအကျဆုံး သဘောတရားတစ်ခုကိုပဲ နားလည်ထားဖို့ လိုပါတယ်။ ဒါကတော့ ရှာနိုင်တာထက် လျှော့သုံးရမယ်ဆိုတဲ့ အချက်ပါပဲ။ လူအများစုကတော့ ဒီအချက်ကို နားမလည်ကြတဲ့အတွက် သူတို့ရဲ့ ငွေကြေးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အခက်ကြုံနေကြရပါတယ်။
သင်လည်း ဒီလစာကနေ နောက်လစာကို စောင့်မျှော်နေရပြီး ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အခက်တွေ့နေရတယ်ဆိုရင် အခုဖော်ပြမယ့် အချက်တွေကို လုပ်ကြည့်ပါ။
၁။ အသုံးစရိတ်အစီအစဉ်ဆွဲပါ
လူအများစုက အသုံးစရိတ်အစီအစဉ်ရေးဆွဲခြင်းကို အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အသုံးစရိတ်အစီအစဉ်ရေးဆွဲထားမှာသာ သင့်ရဲ့ငွေသုံးစွဲမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဝင်ငွေဘယ်လောက်ပဲရရ၊ လစဉ်သုံးစွဲမယ့် အသုံးစရိတ်အစီအစဉ်ကို ရေးဆွဲထားသင့်ပါတယ်။
၂။ အသုံးစရိတ်အစီအစဉ်ကို လက်တွေ့အသုံးချပါ
ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး အသုံးစရိတ်အစီအစဉ်ရေးဆွဲထားပြီး လက်တွေ့အသုံးမချဘူးဆိုရင် အလကားပါပဲ။ ဒါ့ကြောင့် သင်ကိုယ်တိုင်ရေးဆွဲထားတဲ့ အသုံးစရိတ်အစီအစဉ်အတိုင်း ငွေကိုသုံးစွဲပါ။ ဒီလိုဆိုရင် လစဉ်ငွေဘယ်လောက် ရပြီး၊ ဘယ်လောက်ကိုသုံးစွဲမယ်၊ ဘယ်လောက်ကျန်မယ်ဆိုတာတွေကို သိလာပါလိမ့်မယ်။
၃။ အသုံးစရိတ်ထဲမှာမပါဝင်တဲ့ ငွေသုံးစွဲမှုတွေကို ဂရုစိုက်ပါ
လိုအပ်တဲ့အသုံးစရိတ်တွေအတွက် ဖယ်ပြီးလို့ ကျန်တဲ့ငွေဟာ သင်သုံးချင်ရာသုံးနိုင်တဲ့ ငွေလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် ငွေကြေးစီမံခန့်ခွဲမှုတိုးတက်ဖို့အတွက် ဒီလိုအပိုအသုံးစရိတ်တွေကို ဂရုစိုက်တတ်ဖို့ လိုပါတယ်။ ငွေပိုနေတိုင်း အကုန်လျှောက်မသုံးပါနဲ့။ ဘယ်အချိန်မှာ ဘယ်လိုငွေကုန်ပေါက်ပေါ်လာမလဲဆိုတာ ကြိုတင်မသိနိုင်တာကြောင့် လိုအပ်လာရင် ပေးနိုင်အောင် ထိန်းသိမ်းထားသင့်ပါတယ်။
၄။ ဈေးနှုန်းတွေကို နှိုင်းယှဉ်တွက်ချက်ပြီး ဈေးဝယ်ပါ
ဘာပဲဝယ်ဝယ် အသင့်တော်ဆုံးဈေးနှုန်းဖြစ်ဖို့အတွက် နှိုင်းယှဉ်တွက်ချက်ပြီးမှ ဝယ်သင့်ပါတယ်။ လျှော့ဈေးတွေ၊ ကူပွန်တွေကို တတ်နိုင်သမျှ ရယူသုံးစွဲပါ။
၅။ ငွေစုဆောင်းပါ
သင့်ရဲ့လစဉ်ဝင်ငွေထဲက တစိတ်တပိုင်းကို စုဆောင်းထားသင့်ပါတယ်။ ငွေစုဆောင်းတဲ့နေရာမှာ အများကြီးစုနိုင်စရာမလိုပါဘူး။ တစ်ရက်နည်းနည်း ဒါမှမဟုတ် တစ်လနည်းနည်း စုဆောင်းရင်း အချိန်တစ်ခုကြာတဲ့အခါမှာ ထင်မှတ်မထားတဲ့ပမာဏတစ်ခုကို ရရှိနိုင်ပါတယ်။
၆။ အသုံးစရိတ်တွေကို မှတ်သားထားပါ
ငွေသုံးစွဲမှုတိုင်းက မှန်ကန်ပြီး ရည်ရွယ်ချက်ရှိနေဖို့ လိုပါတယ်။ ဒါ့အပြင် ငွေသုံးစွဲမှုတိုင်းကို မှတ်သားထားပါ။ ငွေသုံးစွဲမှုတိုင်းကို သတိထားပါ။ ငွေလက်ခံဖြတ်ပိုင်းတွေကို သိမ်းထားပါ။ မှတ်စုစာအုပ်တစ်အုပ်နဲ့ အသုံးစာရင်းကို ချရေးထားပါ။ မလိုအပ်ပဲ အပိုတွေမသုံးမိအောင် ဆင်ခြင်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine