လူချမ်းသာတွေ ပိုပြီးချမ်းသာလာတာ ဘာကြောင့်လဲ? အများအားဖြင့် ကံကောင်းလို့တော့ မဟုတ်ပါဘူး။ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတာ၊ ထီပေါက်ပြီး ချမ်းသာလာတာတွေကြောင့် ချမ်းသာတာက လူနည်းစုလောက်သာ ရှိပါလိမ့်မယ်။
ဒါဆိုရင် သူတို့ ဘာကြောင့် ချမ်းသာလာတာလဲ၊?
လူချမ်းသာတွေက သာမန်လူတွေနဲ့မတူတဲ့ အလေ့အကျင့်တွေရှိပြီး သာမန်လူတွေ မလုပ်တဲ့အရာတွေကို လုပ်ကြတာကြောင့် ဖြစ်ပါတယ်။
အောင်မြင်ချမ်းသာတွေကို ပိုပြီးချမ်းသာလာစေနိုင်တဲ့ အလေ့အကျင့်ကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ပါ။
၁။ သူတို့က စွန့်စားတတ်ကြတယ်
တစ်ခါတစ်လေမှာ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုဟ်တွေဟာ ခေါက်ဆွဲတစ်ပန်းကန်ကို နံရံဆီကို လှမ်းပက်လိုက်ပြီး ဘယ်ခေါက်ဆွဲဖတ်က ကပ်နေမလဲဆိုတာကို ကြည့်သလို အလုပ်လုပ်တတ်ကြပါတယ်။ ဆိုလိုတာက သူတို့ဟာ ကျရှုံးမှာကို သိလျက်နဲ့တောင် အလုပ်တွေအများကြီးကို စွန့်စွန့်စားစားလုပ်လေ့ရှိကြပါတယ်။ အောင်မြင်ချမ်းသာသူတွေအားလုံးက ကျရှုံးမှုဆိုတာ ဓနဥစ္စာကိုတည်ဆောက်ရာမှာ မဖြစ်မနေကြုံတွေ့ရမယ့် အရာတစ်ခုဆိုတာကိုနားလည်ထားကြပါတယ်။
၂။ သူတို့ကိုယ်သူတို့ ရင်းနှီးမြုပ်နှံကြတယ်
လူချမ်းသာတွေဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာဖို့အတွက် သုံးစွဲလိုက်ရတဲ့ ငွေကြေးကို ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ ခံယူထားကြပါတယ်။ သူတို့ကိုယ်သူတို့ ရင်းနှီးမြုပ်နှံတာဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ပြန်လည်ရရှိနိုင်တယ်ဆိုတာ သိထားကြပါတယ်။ စာအုပ်တစ်အုပ်ဝယ်တာပဲဖြစ်ဖြစ်၊ နည်းပြတစ်ယောက် ငှားတာပဲဖြစ်ဖြစ် ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် လုပ်ဆောင်ချက်တိုင်းဟာ ရင်းနှီးမြုပ်နှံမှုပဲ ဖြစ်ပါတယ်။
၃။ အခြားလူချမ်းသာတွေနဲ့ပဲ ပေါင်းတယ်
လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ အပူချိန်များလာတဲ့အခါ ချွေးတွေထွက်ပြီး အေးမြလာပါတယ်။ အအေးဒဏ်ကို ခံနေရပြီဆိုရင်လည်း အပူထွက်လာအောင် တုန်လာတတ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်အပူချိန်ကိုလိုက်ပြီး ချိန်ညှိနိုင်စွမ်းရှိပါတယ်။ ဒီလိုမျိုး အလိုအလျောက်ချိန်ညှိခြင်းဟာ ဇီဝလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဘဝကို ရှင်သန်ဖြတ်သန်းရာမှာလည်း တွေ့ကြုံရပါတယ်။ ဘယ်လိုလဲဆိုတော့ လူချမ်းသာတွေဟာ အခြားချမ်းသာကြွယ်ဝသူတွေနဲ့ပဲ အပေါင်းအသင်းလုပ် အချိန်ကုန်လေ့ရှိတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါမှသာ သူတို့ကိုယ်သူတို့ ပတ်ဝန်းကျင်နဲ့ ချိန်ညှိပြီး ဆထက်တပိုးအောင်မြင်ချမ်းသာမှုတွေကို ပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။
၄။ မနက်ခင်း လုပ်ရိုးလုပ်စဉ်တစ်ခု ရှိတယ်
မနက်ခင်းတိုင်းမှာ လူအများစုက နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်နေကြချိန်မှာ လူချမ်းသာတွေက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို တိုးမြှင့်ဖို့ စတင်လုပ်ဆောင်နေကြပါပြီ။ လက်ရှိအောင်မြင်ချမ်းသာနေတဲ့ သန်းကြွယ်သူဌေးတိုင်းမှာ နေ့တိုင်းအမြဲတမ်း လုပ်လေ့ရှိတဲ့ မနက်ခင်းလုပ်ရိုးလုပ်စဉ်တွေ ရှိပါတယ်။ မနက်ခင်းလုပ်ရိုးလုပ်စဉ်လို့ ပြောတဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်တာ၊ ရည်မှန်းချက်တွေကို ပြန်လည်ဆန်းစစ်တာ၊ မနက်စာစားတာ၊ တစ်နေ့စာအတွက် အစီအစဉ်ချတာ စသဖြင့် သူတို့ရဲ့ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်စေမယ့်အရာတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။
၅။ သူတို့ရဲ့ ရည်မှန်းချက်တွေကို အမြဲတမ်းပြန်ဆန်းစစ်ကြတယ်
ကမ္ဘာပေါ်က လူအများစုက ရှေ့ရေးနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အတွေးမရှိကြပါဘူး။ ချမ်းသာသူတွေကတော့ တိကျသေချာတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားတတ်ကြသလို ဒီရည်မှန်းချက်တွေကိုလည်း အမြဲတမ်း ပြန်လည် ဆန်းစစ်နေတတ်ကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဆီကို ဘယ်လောက်အထိ တိုးတက်နေပြီလဲ၊ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်ရမလဲ ဆိုတာအမြဲတမ်း သုံးသပ်နေတာကြောင့် ပြောင်းလဲမှုမြန်ဆန်တဲ့ ခေတ်ကို အမှီလိုက်ပြီး အောင်မြင်မှုကို ရယူနိုင်ကြတာဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine