မိမိကိုယ်ကိုနားလည်ခြင်း တနည်းအားဖြင့် ကိုယ့်အကြောင်းကိုယ်သိခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် အရေးကြီးပါတယ်။ ယှဉ်ပြိုင်မှုတွေများလွန်းလှတဲ့ ယနေ့ခေတ်မှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ အချိနိမရှိဖြစ်နေကြရပါတယ်။ တကယ်တော့ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်းတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။
မိမိကိုယ်ကိုယ် မလိမ်ညာပါနဲ့
သင့်ကိုယ်သင် ဘယ်တော့မှမလိမ်မိပါစေနဲ့။ သင့်ကိုယ်သင် လိမ်ညာခြင်းက အမှန်တရားနဲ့ကင်းကွာစေပြီး အခြေအနေတစ်ခုကို ပိုမိုရှုပ်ထွေးစေပါတယ်။ ဘယ်ကိစ္စမဆို အရှိအတိုင်း ရင်ဆိုင်ပါ။
အားသာချက်၊ အားနည်းချက်တွေကို သိပါစေ
သင့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သေချာမသိဘူးဆိုရင် ဘဝမှာ အောင်မြင်မှုကို ရနိုင်မှာမဟုတ်ပါဘူး။ အောင်မြင်သူတိုင်းဟာ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိကြပါတယ်။ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်စတာတွေနဲ့ပတ်သက်ပြီး ဘယ်နေရာတွေမှာ ဘယ်လိုအားနည်းချက်တွေရှိလဲဆိုတာ သိအောင်ကြိုးစားပြီး တိုးတက်ကောင်းမွန်လာအောင် ပြင်ဆင်ပါ။ အားသာချက်တွေကို အသုံးချပြီး အခွင့်အလမ်းသစ်တွေကို ရယူမးနိုင်အောင် ကြိုးစားပါ။ သင်နဲ့ပတ်သက်ပြီး အခြားသူတွေရဲ့ ချီးကျူးတဲ့အချက်တွေကို ထိန်းသိမ်းပါ။ ဝေဖန်ပြစ်တင်တဲ့အချက်တွေကို ပြင်ဆင်ပါ။
ချို့ယွင်းချက်တွေကို လက်ခံပါ
ဘယ်သူမဆို ချွင်းချက်မဲ့ ပြီးပြည့်စုံနေတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်၊ ချို့ယွင်းချက် တစ်ခုခုတော့ရှိတတ်ပါတယ်။ ဒါက မထူးဆန်းတဲ့သဘာဝတစ်ခုပါပဲ။ အရေးကြီးတာက သင့်ရဲ့အားနည်းချက်၊ ချို့ယွင်းချက်တွေကို အရှိအတိုင်းလက်ခံနိုင်ဖို့ပါပဲ။ ဘယ်နေရာတွေမှာ သင် အားနည်းလေ့ရှိလဲ၊ ဘယ်လိုကိစ္စတွေမှာ လူတွေရဲ့ ဝေဖန်ပြစ်တင်တာတွေ ခံရလေ့ရှိလဲ ဘယ်လိုအမူအကျင့်တွေကို ပြောင်းလဲသင့်လဲစသဖြင့် သုံးသပ်ဆန်းစစ်ပါ။
စိတ်အားထက်သန်ရာကို ရှာဖွေပါ
သင် ဘာကိုစိတ်အားထက်သန်လဲဆိုတာက သင့်ကိုယ်သင် အကောင်းဆုံးနားလည်သိမြင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အခြားသူတွေရဲ့ စကားကို နားမယောင်ပါနဲ့။ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်ပါ။ စိတ်အားထက်သန်တဲ့အရာ၊ ဝါသနာပါတာတွေကိုပဲ လုပ်ဆောင်ပါ။
နှိုင်းယှဉ်ပြိုင်ဆိုင်မှုတွေ မလုပ်ပါနဲ့
သင့်ကိုယ်သင် အကောင်းဆုံးသိမြင်နားလည်ချင်တယ်ဆိုရင် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်တာကို မလုပ်ပါနဲ့။ ပြိုင်ဖက်တွေထက် အသာရချင်တာက လူတွေရဲ့ သဘာဝပါပဲ။ ဒီလိုအသာရဖို့ လုပ်ဆောင်ရင်း စိတ်ဖိစီးနေကြတာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒါ့ကြောင့် အခြားသူတွေကို လိုက်ပြိုင်နေမယ့်အစား ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ရည်မှန်းချက်ကိုပဲ အာရုံစိုက်ပါ။
စစ်မှန်မှုရှိပါစေ
ဘယ်အချိန်ပဖြစ်ဖြစ် အရိုးသားဆုံး အစစ်မှန်ဆုံးဖြစ်အောင်နေပါ။ အခြားသူတွေ အမြင်ကောင်းစေဖို့၊ လက်ခံစေဖို့ သင်မဟုတ်တဲ့အခြားတစ်ယောက်လို ဟန်ဆောင်နေတာက နောင်ဆုံးမှာ ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ပါဘူး။ သင့်ရဲ့ စစ်မှန်တဲ့ပုံစံအတိုင်း ရှင်သန်နေထိုင်ခြင်းကသာ ပျော်ရွှင်မှုကို ခံစားရစေမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine