သင့်ရဲ့ မကောင်းတဲ့အမူအကျင့်တွေကို သိပါသလား။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်မယ်လို့ ထင်ပါသလား။ ကောင်းမွန်တဲ့ အမူအကျင့်ကောင်းတွေ ပိုင်ဆိုင်ချင်ပါသလား။ လူတစ်ယောက်ရဲ့ အမူအကျင့်တွေဟာ နှစ်ပေါင်းများစွာ အချိန်ယူဖြစ်တည်လာတဲ့အရာတွေဖြစ်ပါတယ်။ တစ်မျိုးအမူအကျင့်တွေက လူကောင်းတစ်ယောက်ဖြစ်စေနိုင်ပြီး တစ်ချို့တွေကတော့ မကောင်းတဲ့လူတစ်ယောက်လို ဖြစ်လာစေနိုငပါတယ်။ ဒါ့ကြောင့် သင့်မှာရှိတဲ့ မကောင်းတဲ့အကျင့်တွေကို ဖော်ထုတ်ပြီး ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
၁။ အဆိုးမြင်စိတ်များခြင်း
အဆိုးမြင်စိတ်များတယ်ဆိုတာ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် မကောင်းတာတွေ၊ အဆိုးတွေပဲ မြင်တတ်တာကို ဆိုလိုပါတယ်။ သင့်အနေနဲ့ အဆိုးမြင်စိတ်များသူတစ်ယောက်မဖြစ်ချင်ဘူးဆိုရင် အရာရာတိုင်းကို အကောင်းဖက်နေ အပြုသဘောဆောင်ပြီး မြင်တတ်အောင် လေ့ကျင့်သင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံနေရသူတွေကလည်း အကောင်းမြင်စိတ်များသူတွေဖြစ်နေဖို့ လိုပါတယ်။ အကောင်းမြင်စိတ်မွေးပါ။ ဖြစ်နိုင်ချေတွေကို အာရုံစိုက်ပါ။
၂။ အချိန်ဆွဲခြင်း
တစ်ခုခုလုပ်ဖို့ ပျင်းနေတာမျိုး ဖြစ်ဖူးပါသလား။ ဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဘာတစ်ခုကိုမှ မလုပ်ချင်ပဲ အမြဲတမ်း အချိန်ဆိုင်းနေတတ်တာကတော့ မကောင်းပါဘူး။ လူတွေက အကြောင်းအမျိုးမျိုးနဲ့ အချိန်ရွေ့ဆိုင်းတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်စရာရှိတာကို မလုပ်ပဲ အချိန်ရွှေ့ဆိုင်းတာဟာ ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခု မဟုတ်တာကြောင့် ဖျောက်ဖျက်ပစ်သင့်ပါတယ်။ သင့်ကိုယ်သင် စီမံခန့်ခွဲပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် လုပ်စရာရှိနေရင် အပြီးလုပ်လိုက်ပါ။
၃။ တုံ့ပြန်မှုလွန်ကဲခြင်း
ဘယ်ကိစ္စမဆို လိုတာထက်ပိုပြီး အကဲဆတ်နေပါသလား။ အရမ်းအသေးစိတ်ထိ လိုက်တွေးပြီး လူတိုင်းရဲ့ စကားလုံးတိုင်းကို လိုက်ခံစားနေတတ်ပါသလား။ ဒါကလည်း တုံ့ပြန်မှုလွန်ကဲတဲ့ အကျင့်ဆိုးတစ်ခုပါပဲ။ သင့်အနေနဲ့ အရာရာတိုင်းကို တုံ့ပြန်မှုလွန်ကဲပြီး သဲသဲလှုပ်ဖြစ်မနေသင့်ပါဘုး။ ကြံ့ခိုင်မှုအပြည့်နဲ့ ရင်ဆိုင်တတ်ဖို့ လိုပါတယ်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပါ။ လက်ရှိအခြေအနေကို သုံးသပ်ဆင်ခြင်ပါ။
၄။ အထင်နဲ့ အကဲဖြတ်တတ်ခြင်း
လူတစ်ဖက်သားကို စိတ်အထင်နဲ့အကဲဖြတ်တာက နှစ်ဖက်ဓားသွားတစ်ခုလိုပါပဲ။ တစ်ဖက်လူကို ထိခိုက်စေရုံသာမက သင့်ရဲ့အချိန်ကိုပါ အလဟဿဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အခြားသူတွေ ဘာလုပ်တယ်၊ ဘာပြောတယ်ဆိုတာကို အာရုံစိုက်မနေပဲ ကိုယ်ပိုင်ဘဝကိုသာ အာရုံစိုက်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် သေချာမသိသေးပဲ အကဲမဖြတ်ပါနဲ့။
၅။ လူတိုင်းကျေနပ်ဖို့ ကြိုးစားခြင်း
ဒီအကျင့်ကလည်း ဖျောက်ဖျက်ပစ်ရမယ့် အကျင့်ဆိုးတစ်ခုပါပဲ။ သင့်အနေနဲ့ လူတိုင်းကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ လူတိုင်းစိတ်ကျေနပ်အောင် လိုက်လုပ်နေရတာက သင့်ရဲ့အချိန်နဲ့ စိတ်ခွန်အားကို ဆုံးရှုံးရစေပါတယ်။ လူတိုင်း သင့်ကို သဘောမကျနိုင်ပါဘူး။ သင် ဘယ်လောက်ကြိုးစားကြိုးစား အကောင်းမမြင်နိုင်တဲ့လူတွေ ရှိနေနိုင်ပါတယ်။ သူတို့ကျေနပ်အောင် ကြိုးစားပြီး အပင်ပန်းမခံသင့်ပါဘူး။
ဒီအချက်တွေကတော့ လူအများစုမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်ဆိုးတွေဖြစ်ပါတယ်။ သင့်မှာရော ဘယ်နှစ်ချက်လောက် ရှိနေလဲ စဉ်းစားပါ။ လိုအပ်သလို ပြင်ဆင်ပါ။ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပြီး အကျင့်ကောင်းတွေကို မွေးမြူနိုငအောင် ကြိုးစားပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine