အမှားကို ဝန်ခံရဲခြင်းရဲ့ အကျိုးကျေးဇူးများ

လောကကြီးမှာ အမှားကင်းတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်သူမဆို အမှားလုပ်မိနိုင်ပါတယ်။ ဒါပေမယ့် လူအများစုက အမှားကို ဝန်ခံဖို့ ရှက်ကြောက်တတ်ကြပါတယ်။ တကယ်တော့ သင့်ရဲ့အလုပ်နဲ့ ပတ်ဝန်းကျင်ကလူတွေအပေါ်မှာ ရိုးသားစွာ ဆက်ဆံခြင်းက ပြဿနာများစွာကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အမှားကို ဝန်ခံရတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဝန်ခံရဲတဲ့သတ္တိရှိဖို့ လိုပါတယ်။ ဒါပေမယ့် အမှားတွေကို ဝန်ခံရဲတာက နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အမှားတွေကို ဝန်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အပြစ်ရှိတဲ့ ခံစားချက်ကနေ လွတ်မြောက်စေတယ်

အမှားတစ်ခုကို ဖုံးကွယ်လိုက်တာက ဝန်ခံလိုက်တာထက် ပိုအဆင်ပြေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှ မသိရင်တောင် သင်ကိုယ်တိုင်ရဲ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားချက်က ကိန်းအောင်းနေနိုင်ပါတယ်။ အမှားတစ်ခုကို ဖုံးကွယ်ပြီး လိမ်ညာလိုက်မယ်ဆိုရင် အပြစ်ရှိတဲ့ ခံစားချက်က သင့်ကို အချိန်တိုင်းခြောက်လှန့်နေနိုင်ပါတယ်။ ဒီအခြေအနေက လွတ်မြောက်ဖို့ အမှားကို ဝန်ခံလိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်ကို ပိုမိုကြံ့ခိုင်စေနိုင်ပြီး အပြစ်ကင်းတဲ့ စိတ်နဲ့ အားလုံးကို ရင်ဆိုင်လာလာပါလိမ့်မယ်။

၂။ လိမ်ညာမုသားပြောစရာ မလိုဘူး

ဒီအချက်က အမှားကို ဝန်ခံခြင်းရဲ့ အဓိကအကျိုးကျေးဇူးဖြစ်ပါတယ်။ အမှားတစ်ခုကို ဖုံးကွယ်တော့မယ်ဆိုရင် မုသားတွေ အများကြီး သုံးရပါတယ်။ သင့်အမှားကို လူတွေမသိအောင် အမျိုးမျိုးလိမ်ညာပြောဆိုရပါလိမ့်မယ်။ အမှားကို ဝန်ခံလိုက်မယ်ဆိုရင်တော့ လိမ်စရာမလိုတော့ပါဘူး။

၃။ ရိုးသားမှုနဲ့ သတ္တိကို ပြသနိုင်တယ်

အမှားကို ဝန်ခံရတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားနဲ့ သတ္တိအပြည့်ရှိဖို့ လိုပါတယ်။ ဒါပေမယ့် အမှားကို ဆင်ခြေတွေပေးပြီး ဖုံးကွယ်မနေပဲ သတ္တိရှိရှိဝန်ခံရဲသူတွေဟာ သူတို့ရဲ့ ထူးခြားထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ထုတ်ဖော်ပြသာရာ ရောက်ပါတယ်။ သူတို့ရဲ့ ရိုးသားမှုအပေါ် အခြားသူတွေရဲ့ ယုံကြည်မှုကို ရှိနိုင်ပါတယ်။

၄။ ရှေ့ဆက်နိုင်ဖို့ အထောက်အကူပြုတယ်

အမှားတစ်ခုအပေါ်မှာ အပြစ်ရှိသလို ခံစားနေရတဲ့စိတ်ကြောင့် ရှေ့ဆက်လုပ်စရာရှိတာတွေကို ထိထိရောက်ရောက်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အမှားကို ဝန်မခံမချင်း သင့်စိတ်ထဲမှာ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အမှားကို အမြန်ဆုံးဝန်ခံလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုဝန်ခံလိုက်မယ်ဆိုရင် အတိတ်အတွက် စိုးရိမ်နေရမယ့်အစား လက်ရှိအချိန်ပေါ်မှာ ပိုပြီးအာရုံစိုက်နိုင်မှာပါ။

၅။ အမှားတွေကို ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းပိုရတယ်

အမှားတစ်ခုကို နောက်တစ်ခါထပ်မလုပ်မိစေဖို့နဲ့ အမှန်ဖြစ်အောင် ပြင်ဆင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဝန်ခံလိုက်ခြင်းပါပဲ။ အမှားကို ဝန်ခံရင်း အမှန်ကို လေ့လာသင်ယူနိုင်ပါတယ်။ အမှားကို ဝန်ခံတဲ့အခါမှာ ရှက်စရာကောင်းတယ်ဆိုတဲ့ စိတ်ထက် အမှန်ကိုပြင်ဆင်ဖို့ အခွင့်အရေးရတယ်လို့ တွေးပါ။ အမှားတွေကနေပဲ အမှန်တွေကို သင်ယူနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၆။ နှိမ့်ချတတ်သူတစ်ယောက် ဖြစ်စေတယ်

အမှားကို ဝန်ခံပြီး တောင်းပန်တတ်ခြင်းဟာ မိမိကိုယ်ကို နှိမ်ချတတ်သူတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အမှားကို လက်မခံပဲ ထင်ရာလုပ်ခြင်းဟာ သင့်ကို မောက်မာသူတစ်ယောက်ဖြစ်စေနိုင်ပါတယ်။ မိမိကိုယ်ကို နှိမ်ချတတ်ခြင်းကတော့ လူတွေနဲ့ ဆက်ဆံရာမှာ ပိုမိုလွယ်ကူစေပြီး ပြဿနာတော်တော်များများကိုလည်း ရှောင်လွှဲနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%