ဘဝကို ဖြတ်သန်းရာမှာ ဘယ်သူမဆို ဝေဖန်မှုကို ခံရနိုင်ပါတယ်။ တကယ်တော့ ဝေဖန်မှုတွေဆိုတာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ရဲ့ ဝေဖန်မှုကို ခံရပြီဆိုရင် ပညာရှင်ဆန်ဆန်တုံ့ပြန်တတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်တာကြောင့် ဝေဖန်မှုတွေနဲ့ပတ်သက်လာရင် စိတ်ဆိုးဒေါသဖြစ်တတ်ကြသလို ခံစားမှုတွေလည်း ပြင်းထန်တတ်ကြပါတယ်။
ဒါပေမယ့် ဘယ်လိုဝေဖန်မှုမျိုးကိုပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ လက်ခံနိုင်မယ်ဆိုရင် သင့်ဘဝကို တိုးတက်စေနိုင်တဲ့ အကြောင်းရင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဝေဖန်ပြစ်တင်ခံရတဲ့အခါမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဝေဖန်မှုကနေ သင်ခန်းစာယူပါ
ဝေဖန်မှုကို အကောင်းမြင်စိတ်နဲ့လက်ခံမယ်ဆိုရင် သင့်အတွက် တိုးတက်မှုဖြစ်လာစေနိုင်ပါတယ်။ လူအများစုက ဝေဖန်မှုဆိုရင် အကျိုးဖြစ်စေနိုင်မယ့်အချက်တွေကိုတောင် လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလို လျစ်လျူရှုထားတက တိုးတက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ များသောအားဖြင့် လူတွေက သူတို့ကိုယ်သူတို့မှန်တယ်လို့ ထင်ကြပြီး ဝေဖန်မှုတွေကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှအချိန်တိုင်းမှန်မနေနိုင်ပါဘူး။ ဒါ့ကြောင့် ဝေဖန်ခံရတဲ့အခါမှာ သေချာအာရုံစိုက်ပြီး ပြဿနာရဲ့အကြောင်းရင်းကို သေချာရှာပါ။ ဝေဖန်မှုကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။
၂။ တုံ့ပြန်မှုတွေအဖြစ် မှတ်ယူပါ
အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် ဝေဖန်ပြစ်တင်မှုတွေဆိုတာ အကြံပြုတုံ့ပြန်မှုတွေပဲဖြစ်ပါတယ်။ အလိုက်သင့် လိုအပ်သလို အပြောင်းအလဲလုပ်ဆောင်ပြီး သင့်ကိုယ်သင် တိုးတက်အောင် လုပ်နိုင်ပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းမှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခု ရှိကြပါတယ်။ ဒါ့ကြောင့် လူတွေက သင့်ကို ဝေဖန်လာတဲ့အခါမှာ ဘယ်လို ခံယူမလဲဆိုတာကပဲ အရေးကြီးပါတယ်။ ဝေဖန်ပြစ်တင်မှုတွေကို သင့်ရဲ့အားနည်းချက်တွေပြင်ဆင်နိုင်ဖို့ အသုံးချပါ။ ဝေဖန်သံတွေကတဆင့် ပိုပြီးကြံ့ခိုင်ထူးချွန်သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။
၃။ တိုးတက်အောင်မြင်ဖို့ အခွင့်အလမ်းလို့ သဘောထားပါ
လူအများက ဝေဖန်မှုတွေကို ပုဂ္ဂိုဟ်ရေးတိုက်ခိုက်မှုအဖြစ် သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဝေဖန်မှုဆိုတာက သင့်ရဲ့ လုပ်ရပ်ကိုပဲသာ ဝေဖန်တာဖြစ်ပါတယ်။ သင့်ကို ပုဂ္ဂိုဟ်ရေးတိုက်ခိုက်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကို ဝေဖန်သူကို ပုဂ္ဂိုဟ်ရေးအရ ပြန်တိုက်ခိုက်မယ်ဆိုရင် သင့်ကိုယ်သင်တိုးတက်စေနိုင်မယ့် အခွင့်အရေးပျောက်ဆုံးသွားပါလိမ့်မယ်။ သင့်အနေနဲ့ စော်ကားခံရတယ်လို့ မခံယူပဲ အကြံပြုချက်ပေးတယ်လို့ သဘောထားနိုင်မယ်ဆိုရင် ရေရှည်မှာ သင့်အတွက် အကျိုးရှိလာမှာဖြစ်ပါတယ်။ သင့်ရဲ့အားနည်းချက်တွေကို ပြင်ဆင်လာနိုင်ပါလိမ့်မယ်။
၄။ ဝေဖန်မှုတွေအပေါ် အရမ်းမခံစားမိပါစေနဲ့
ဝေဖန်မှုတွေကို လိုတာထက်ပိုပြီး လိုက်ခံစားနေမယ်ဆိုရင် စိတ်ဓာတ်ကျပြီး ယုံကြည်မှုပျောက်ဆုံးသွားပါလိမ့်မယ်။ ဝေဖန်မှုတွေဟာ အောင်မြင်မှုအတွက် အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။ မှန်မှန်ကန်ကန် တုံ့ပြန်တတ်ဖို့ပဲ လိုတာပါ။ တစ်ယောက်ယောက်က သင့်ကို ဝေဖန်လာပြီဆိုရင် သင့်မှာရှိတဲ့ အားနည်းချက်၊ ပြဿနာကို ထောက်ပြလိုက်တာပါပဲ။ ဒီအချက်ကို လက်ခံပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ပါ။ တစ်ခါတစ်လေမှာ ဝေဖန်သူဖက်က မှားနေတာလည်း ရှိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သူပြောသမျှကို လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine