သင့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့က ဘာကြောင့်အရေးကြီးလဲဆိုတာ သိပါသလား။ လစဉ်ငွေဘယ်လောက် စုဆောင်းမယ်ဆိုရင် အသုံးမကြပ်ပဲ အဆင်ပြေစွာ ဖြတ်သန်းနိုင်မလဲဆိုတာ သိပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ဝင်ငွေရဲ့ ပမာဏတစ်ခုကို မသုံးပဲဖယ်စုထားဖို့က ငွေကြေးအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။
၁။ ၅၀/၃၀/၂၀ စည်းမျဉ်း
ငွေကြေးကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက် ၅၀/၃၀/၂၀ စည်းမျဉ်းဟာ အသုံးဝင်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင့်ဝင်ငွေစုစုပေါင်းရဲ့ ပမာဏဘယ်လောက်ကို အသုံးစရိတ်ထားမယ်။ ဘယ်လောက်ကိုတော့ နေ့စဉ်လိုအပ်ချက်တွေအတွက် သုံးစွဲမယ်ဆိုတာကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ ကူညီပေးပါတယ်။
၅၀/၃၀/၂၀ စည်းမျဉ်းဆိုတာက သင့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေကုန်ကျမယ့် စားသောက်စရတ်၊ အိမ်စရိတ်နဲ့ အခြားအထွေထွေကုန်ကျစရိတ်တွေအတွက် သုံးပါ။ အခြား ၃၀ ရာခိုင်နှုန်းကို ပျော်စရာကိစ္စတွေအတွက် သုံးစွဲပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ စုဆောင်းရမှာဖြစ်ပါတယ်။ ဒီ ၂၀ ရာခိုင်နှုန်းက အရေးပေါ်ကိစ္စတွေနဲ့ အနားယူဖို့အတွက် သုံးစွဲဖို့ ဖြစ်ပါတယ်။
၂။ ၂၀ ရာခိုင်နှုန်းက လုံလောက်တဲ့ ပမာဏလား???
သင့်အနေနဲ့ ၂၀ ရာခိုင်နှုန်းဆိုတာက စုဆောင်းဖို့ လုံလောက်တဲ့ပမာဏဖြစ်ပါ့မလားဆိုတာ သံသယရှိရင် ရှိနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိဝင်ငွေက ထွက်ငွေနဲ့ ကွက်တိဖြစ်နေရင် ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့ဆိုတာက ခက်ခဲနေနိုင်ပါတယ်။ ဒါဆိုရင် ဒီထက်ပိုနည်းတဲ့ပမာဏကို စုဆောင်းနိုင်ပါတယ်။ ၅ ရာခိုင်နှုန်း ဖြစ်ဖြစ်၊ ၁၀ ရာခိုင်နှုန်းဖြစ်ဖြစ် စတင်စုဆောင်းနိုင်ပါတယ်။
အဓိကရည်ရွယ်ချက်က သင့်ရဲ့လစဉ်အသုံးစရိတ်တွေကို သိသိသာသာမထိခိုက်ပဲနဲ့ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်။
၃။၂၀ ရာခိုင်နှုန်း စုဆောင်းတာက အလုပ်ဖြစ်ရဲ့လား???
အလုပ်ဖြစ်တာ သေချာပါတယ်။ ၂၀ ရာခိုင်နှုန်းက သာမန်အားဖြင့် နည်းတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ အကျိုးရှိနိုင်ပါတယ်။ အရေးကြီးတာက ပုံမှန်မပျက်မကွက်စုဆောင်းဖို့ပဲ လိုတာပါ။ လစဉ်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပုံမှန်စုဆောင်းခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေကိုလည်း ဖော်ပြလိုက်ပါတယ်။
၄။ ရိုးရှင်းလွယ်ကူတယ်
ဒီငွေစုနည်းက အရမ်းရိုးစင်းပါတယ်။ အများကြီးစဉ်းစားနေစရာမလိုပဲ အပိုင်းသုံးပိုင်းလောက်ခွဲပြီး စီမံလိုက်ရုံပါပဲ။ သင့်ရဲ့ ဝင်ငွေကို သုံးပိုင်းပိုင်းလိုက်ပါ။ ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့၊ ၃၀ ရာခိုင်နှုန်းက အပျော်ကိစ္စအတွက်နဲ့ ၅၀ ရာခိုင်နှုန်းက မဖြစ်မနေကုန်ကျစရိတ်တွေအတွက်ဆိုပြီး ခွဲခြားစီမံလိုက်ပါ။
၅။ အပျော်ကိစ္စတွေအတွက် သုံးစရာငွေရှိမယ်
သင့်ရဲ့ငွေကြေးရည်မှန်းချက်တွေအတွက် စုဆောင်းရာမှာ တစ်ခါတစ်လေ ဘာမှမသုံးရက်မစွဲရက် စုဆောင်းတာမျိုးက အဆင်မပြေနိုင်ပါဘူး။ လစဉ်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ စုဆောင်းပြီး ၃၀ ရာခိုင်နှုန်းကို လိုချင်တာလေးတွေဝယ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ခရီးထွက်ဖို့ စသဖြင့် အပျော်အတွက် သုံးမယ်ဆိုရင် ငွေလည်းစုဖြစ်သလို လုပ်ချင်တာလေးတွေလုပ်ရတဲ့အတွက် စိတ်ကျေနပ်မှုလည်း ရနိုင်ပါတယ်။
၆။ ငွေကြေးအခက်အခဲတွေ့ချိန်တွေမှာ အဆင်ပြေနိုင်တယ်
မျှော်လင့်မထားတဲ့ အရေးပေါ်ကိစ္စတွေက ဘယ်အချိန်မဆို သင့်ဆီကို ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ။ ၂၀ ရာခိုင်နှုန်းစုဆောင်းတာက ငွေကြေးအရေးပေါ်လိုအပ်ချိန်တွေအတွက် အဆင်ပြေစေနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine