ကမ္ဘာပေါ်က လူဦးရေ သန်းပေါင်း သုံးထောင့်ရှစ်ရာရဲ့ ပိုင်ဆိုင်မှုကို ပေါင်းလိုက်ရင် ဘီလျံနာလုပ်ငန်းရှင် (၂၅)ယောက်ရဲ့ ပိုင်ဆိုင်မှုလောက်ပဲ ရှိတယ်ဆိုတာ သိပါသလား။ ဒီအချက် ကျွန်တော်တို့ အများစုတွက် မညီမျှဘူးလို့ ထင်ရနိုင်ပါတယ်။ တကယ်တော့ လူချမ်းသာတွေကို အခုလောက်ထိချမ်းသာအောင် အထောက်အပံ့ပေးနိုင်တဲ့ အလေ့အကျင့်တွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေကပဲ ဆင်းရဲချမ်းသာကို ကွာခြားသွားစေနိုင်တာပါ။ ဘယ်လိုအလေ့အကျင့်တွေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
၁။ ပေးကမ်းခြင်းနဲ့ မျှဝေခြင်းက လူချမ်းသာတွေရဲ့ ခံယူချက်ဖြစ်တယ်
အရင်ဆုံး ပေးကမ်းစွန့်ကြဲပါ။ လူချမ်းသာတွေရဲ့ ၇၉ ရာခိုင်နှုန်းဟာ လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတနဲ့ အလှူအတန်းတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လေ့ရှိကြပါတယ်။ လူချမ်းသာတွေဟာ သူတို့ရဲ့ အချိန်၊ ငွေနဲ့ ကျွမ်းကျင်မှုကို အများအကျိုးအတွက် စွန့်လွှတ်အသုံးချတတ်ကြပါတယ်။ ဒီလိုပြောလို့ သင်ပိုင်ဆိုင်သမျှ လျှောက်ပေးကမ်းပစ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ တတ်နိုင်သမျှ ဘောင်ထဲကနေ ပေးကမ်းလှူဒါန်းဖို့ကို ဆိုလိုပါတယ်။
၂။ လွယ်လွယ်မငြင်းတတ်ဘူး
သင့်ရဲ့တစ်နေ့တာမှာ အငြင်းစကားဘယ်နှခေါက်ပြောလဲဆိုတာ ရေတွက်ကြည့်ပါ။ သင့်အတွက် အဆင်မပြေနိုင်ဘူးဆိုတာ ရာနှုန်းပြည့်သေချာနေတယ်ဆိုရင်တောင် ခဏစောင့်ပါ။ အချိန်တစ်ခုပေးပြီး နားထောင်ပါ။ စိတ်ကိုဖွင့်ထားပါ။ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ စိတ်ရှည်သည်းခံတတ်ဖို့က အရေးကြီးပါတယ်။
၃။ ချမ်းသာချင်ရင် အတင်းမပြောပါနဲ့
အတင်းအဖျင်းတွေဟာ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး အောင်မြင်မှုတံခါးတွေ့ို ပိတ်သွားစေနိုင်ပါတယ်။ လူချမ်းသာတွေဟာ အခြားသူတစ်ယောက်အကြောင်းကို နောက်ကွယ်မှာ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို မကျေနပ်ဘူးဆိုရင် တည့်ရှင်းတာက အကောင်းဆုံးဖြစ်ပါတယ်။
၄။ ရည်မှန်းချက်ထားပါ၊ စိတ်ကူးမယဉ်ပါနဲ့
အောင်မြင်ချမ်းသာချင်တယ်ဆိုရင် စိတ်ဆန္ဒရှိနေရုံနဲ့ မလုံလောက်ပါဘူး။ စိတ်ကူးထိုင်ယဉ်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ လက်တွေ့စီစဉ်အကောင်အထည်ဖော်မှသာ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
၅။ လူချမ်းသာတွေက ကံကောင်းဖို့ကို မမျှော်လင့်ကြဘူး
သန်းကြွယ်သူဌေး လူချမ်းသာတွေကို လေ့လာခဲ့တဲ့စစ်တမ်းတွေအရ သူတို့ဟာ လောင်းကစားမလုပ်တတ်ကြသလို ကံအကျိုးပေးပြီး ထီပေါက်တာလိုမျိုး ရုတ်တရက်ချမ်းသာဖို့ကိုလည်း မမျှော်လင့်တတ်ကြဘူးလို့ ဆိုပါတယ်။ သူတို့က ဖြစ်နိုင်ချေတွေ အားလုံးကို စနစ်တကျတွက်ချက်ပြီး စွန့်စားတတ်ကြသူတွေ ဖြစ်ပါတယ်။
၆။ လူချမ်းသာတွေက စာဖတ်ကြတယ်
လူချမ်းသာတွေ အားလုံးဟာ စာဖတ်ခြင်းကို ခုံမင်ကြသူတွေဖြစ်ပါတယ်။ စာကို အပျော်သဘောနဲ့ဖတ်ကြတာ မဟုတ်ပဲ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက် ဖတ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ စိတ်ကူးသစ် အကြံဉာဏ်သစ်တွေ အမြဲရရှိနေပြီး ချမ်းသာကြွယ်ဝမှုကို တည်ဆောက်နိုင်ကြတာဖြစ်ပါတယ်။
၇။ မကြွားတတ်ကြဘူး
အမှန်တကယ်ချမ်းသာတဲ့ လူချမ်းသာတွေက တန်ဖိုးကြီးအဝတ်တွေကို တော်ရုံဝတ်လေ့မရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့က ဇိမ်ခံကားတွေနဲ့ နောက်ဆုံးပေါ်အိတ်တွေကို လျှောက်ဝယ်နေတတ်သူတွေ မဟုတ်ပါဘူး။ သာမန်ပဲလို့ ထင်ရတဲ့ သင့်အိမ်နီးချင်းကတောင်မှ ဘီလျံနာတစ်ယောက်ဖြစ်နေနိုင်ပါတယ်။
၈။ လူချမ်းသာတွေက သူတို့ရဲ့ အပြုံးကို ဂရုစိုက်ကြတယ်
လူချမ်းသာတွေရဲ့ ၆၂ ရာခိုင်နှုန်းဟာ နေ့တိုင်းသွားသန့်ရှင်းရေးကို ဂရုစိုက်တတ်ကြပါတယ်။ အပြုံးဟာ လူတွေသတိထားမိတဲ့ ပထမဆုံးအရာဖြစ်တာကြောင့် သွားတွေ ဖြူစင်နေဖို့နဲ့ ခံတွင်းနံ့ကောင်းစေဖို့က အရေးကြီးပါတယ်။ ဒါမှသာ လူမှုဆက်ဆံရေးမှာ အထောက်အကူဖြစ်စေနိုင်မှာပါ။
၉။ သူဆင်းရဲတွေသာ အကြွေးတင်ခံတတ်ကြတယ်
အကြွေးဟာ ချမ်းသာကြွယ်ဝမှုကို နှောင့်နှေးစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လူချမ်းသာတွေက အကြွေးတင်မခံကြပါဘူး။ ရှာနိုင်တာထက် ပိုသုံးပြီး အကြွေးတင်ခံသူတွေကတော့ အမြဲတမ်းဆင်းရဲနေပြီး အောင်မြင်ချမ်းသာမှုနဲ့ အလှမ်းဝေးနေဦးမှာပါ။
၁၀။ တစ်ယောက်ထဲ မအောင်မြင်နိုင်ဘူး
လူချမ်းသာတွေက ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေကို ဖန်တီးကြပါတယ်။ သူတို့အနေနဲ့ အရာအားလုံးကို မကိုင်တွယ်နိုင်ဘူးဆိုတာ သိထားကြပါတယ်။ ဒါ့ကြောင့် သူတို့ မကျွမ်းကျင်တဲ့ကိစ္စတွေအတွက် အခြားသူတွေကို စနစ်တကျ အလုပ်ပေးတတ်ကြပါတယ်။ ဒါ့အပြင် တစ်ယောက်ထဲတည်ဆောက်တဲ့ အောင်မြင်မှုထက် အများအားနဲ့ တည်ဆောက်တဲ့ အောင်မြင်မှုက ပိုမိုကြီးမားခိုင်ခံ့တယ်ဆိုတာ လူချမ်းသာတွေကို နားလည်ကြပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine