ဆံပင်အရှည်ထားချင်တဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့အချက်များ

ဆံပင်ရှည်ရှည်နဲ့ အမျိုးသားတွေက တနည်းတဖုံနဲ့ ဆွဲဆောင်မှုရှိတတ်ပါတယ်။ ဆံပင်အရှည်ထားဖို့ ဆုံးဖြတ်တာက လွယ်ပေမယ့် နေ့ချင်းညချင်း လိုချင်တဲ့အရှည်ကို ရနိုင်တာတော့ မဟုတ်ပါဘူး။

ဆံပင်အရှည်မြန်စေမယ့် အသုံးအဆောင်ပစ္စည်းတွေ၊ ဖြည့်စွက်ဆေးဝါးတွေ အမျိုးမျိုးရှိပေမယ့် ဒါတွေကို မယုံလိုက်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်မျှတဲ့ စားသောက်မှုပုံစံနဲ့ ဘဝနေထိုင်မှုပုံစံကသာ ဆံပင်ကို ပုံမှန်အတိုင်း ဖြည်းဖြည်းမှန်မှန် ရှည်လာစေနိုင်ပါတယ်။

ဆံပင်အရှည်ထားတော့မယ်ဆိုရင် အဓိကအချက်က စိတ်ရှည်ဖို့ပါပဲ။ သင့်ရဲ့ ဆံသဆရာရဲ့ အကူအညီကိုရယူဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ဆံပင်အရှည်ထားချင်တဲ့ ဘော်ဒါတွေအတွက် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပုံမှန်ဆံသဆရာဆီကို သွားပါ

ဆံပင်အရှည်ထားနေတဲ့အချိန်မှာ ကြည့်ကောင်းနေဖို့အတွက် သင့်ရဲ့ ဆံသဆရာဆီကို ပုံမှန်သွားဖို့ လိုပါတယ်။ ဆံပင်အရှည်ကို စနစ်တကျ ပုံသွင်းညှပ်ပေးနိုင်တဲ့ ဆံသဆရာကို ရွေးချယ်ပါ။ သင့်အနေနဲ့ ဆံပင်အရှည်ထားချင်ကြောင်း၊ ဘယ်လောက်အထိ အရှည်ထားမှာဖြစ်ကြောင်း သေချာပြောပြပါ။ ဒါမှသာ ဆံသဆရာက လိုအပ်တဲ့ ပုံစံရအောင် ညှပ်သင့်သလောက်ကို ညှပ်ပေးမှာဖြစ်ပါတယ်။

၂။ အပေါ်ပိုင်းကို အရှည်စထားပါ

ဆံပင်အတိုကနေ အရှည်ထားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဘေးဖက်နဲ့ အနောက်ဖက်တွေကို အတိုပဲ ထားပါ။ အပေါ်ပိုင်းက ဆံပင်တွေက ရှည်ဖို့ ပိုကြာတာကြောင့် အပေါ်ပိုင်းသိသိသာသာရှည်မလာချင်မှာ ဘေးနဲ့အနောက်တွေက ကြည့်မကောင်းအောင် ရှည်လာတတ်ပါတယ်။ ဒါ့ကြောင့် ဘေးဖက်နဲ့ အနောက်ဖက်တွေကို လိုသလိုညှပ်ပြီး အပေါ်ပိုင်းကို စပြီး အရှည်ထားပါ။ အပေါ်ပိုင်းဆံပင်တွေက အနည်းဆုံး ၄ လက်မလောက် အရှည်ရှိလာပြီဆိုမှ ဘေးဖက်နဲ့ အနောက်ဖက်ကို အရှည်စထားပါ။

၃။ ရှပ်ပူတွေ ရှောင်ပါ

ပျမ်းမျှအားဖြင့် ဆံပင်ရှည်နှုန်းဟာ တစ်လကို လက်မဝက်လောက်သာ ရှည်နိုင်တာကြောင့် ၆ လက်မလောက် အရှည်ရဖို့ အချိန်တစ်နှစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ခပ်တိုတိုညှပ်ထားရာကနေ နားရွက်လောက်ထိ အရှည်ရောက်ဖို့ တစ်နှစ်လောက် ကြာနိုင်ပါတယ်။ မေးစေ့ထိအရှည်ရောက်ဖို့ဆိုရင် နှစ်များစွာ ကြာနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်အရှည်ထားနေတုန်းမှာ ဆံပင်ကို သေချာထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ဆံပင်အတိုနဲ့တုန်းက အမြဲတမ်း အသစ်ပြန်ထွက်နေပြီး နေရောင်နဲ့ ပုံသွင်းတဲ့ ဒဏ်ကို သိပ်မခံရတာကြောင့် ကြည့်ကောင်းနေနိုင်ပေမယ့် အရှည်ထားမယ်ဆိုရင်တော့ သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဆံပင်အရှည်ထားချိန်မှာ ရှပ်ပူတွေနဲ့ မကြာခဏမလျှော်ဖို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထာပါတယ်။ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ လျှော်သင့်ပါတယ်။

၄။ ပျော့ဆေးသုံးပါ

ဆံပင်ပျော့ဆေးဟာ ဆံပင်ရှည်ထားတဲ့နေရာမှာ မပါမဖြစ်ပါပဲ။ ဆံပင်ပျော့ဆေးရွေးချယ်ရာမှာ အမျိုးသားသုံးဖြစ်ဖို့လည်း မလိုပါဘူး။ သင့်ရဲ့ ဆံပင်အမျိုးအစားနဲ့ သင့်တော်မယ့် ပျော့ဆေးကို သုံးနိုင်ပါတယ်။

၅။ ကသိကအောက်ဖြစ်စရာအဆင့်တွေ ကြုံရမယ်

ဆံပင်အတိုနဲ့ နေရာကနေ အရှည်စထားမယ်ဆိုရင် ကသိကအောက်ဖြစ်စရာ အခြေအနေတွေကို ဖြတ်ကျော်နိုင်ဖို့ လိုပါတယ်။ ဆံပင်ရှည်လာခါစမှာ ဆံပင်အရှည်နဲ့ အသားမကျပဲ နေရထိုင်ရခက်သလို ထိန်းသိမ်းရတာကလည်း အလုပ်ရှုပ်ပါတယ်။ ဆံပင်က ပုံပန်းမကျနဲ့ ကြည့်ရဆိုးတဲ့ ပုံစံလည်း ဖြစ်နေနိုင်ပါတယ်။ ဒီအဆင့်ကို အကောင်းဆုံးဖြတ်ကျော်နည်းက စိတ်ရှည်သည်းခံပြီး အရှည်ဆက်ထားဖို့ပါပဲ။

၆။ ထုတ်ကုန်ပစ္စည်းတွေ ပြောင်းသုံးပါ

ခေါင်းလိမ်းဆီ၊ ဂျယ်လ် စတာတွေက ဆံပင်အတိုကို ပုံသွင်းဖို့ ဖြစ်ပါတယ်။ ဒီအသုံးအဆောင်ပစ္စည်းတွေကို သုံးစွဲပြီးရင် နေ့တိုင်းနီးပါး ခေါင်းလျှော်ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် ဆံပင်အရှည်ထားနေလို့ အတော်အသင့်ရှည်လာပြီဆိုရင် ဆံပင်အရှည်အတွက် သုံးစွဲဖို့ ထုတ်လုပ်ထားတဲ့ သံလွင်ဆီ၊ ပျော့ဆေး၊ စတာတွေကို ပြောင်းသုံးဖို့ လိုပါတယ်။

၇။ ခေါင်းစည်းကြိုး ဆောင်ထားပါ

ဆံပင်အရှည်ထားတဲ့အခါ အမြဲတမ်းဖားလားချထားဖို့ မလွယ်ပါဘူး။ စုစည်းထားချင်တဲ့အခါ ခေါင်းစည်းကြိုးက လိုအပ်လာပါလိမ့်မယ်။ ဆံပင်ကို စုစည်းထားတာကလည်း စတိုင်တစ်မျိုးဖြစ်ပြီး ကြည့်ကောင်းစေနိုင်ပါတယ်။ ဆံပင်စည်းတဲ့နေရာမှာ တွေ့ကရာသားရေကွင်းနဲ့ မစည်းပါနဲ့။ သားရေကွင်းတွေက ဆံပင်ကို ဆွဲအားများပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် ခေါင်းစည်းကြိုးအစစ်တစ်ခု ဆောင်ထားပါ။

၈။ စိတ်ရှည်ပါ

ဆံပင်အရှည်ထားတယ်ဆိုတာ အချိန်ပေးဖို့ လိုအပ်ပါတယ်။ မြန်ဆန်အောင်လုပ်လို့ ရတဲ့ နည်းလမ်းလည်း မရှိပါဘူး။ ဒါ့ကြောင့် စိတ်ရှည်ရှည်ထားပြီး ဆံပင်ရှည်လာတာကို စောင့်ပါ။ လိုအပ်သလို ညှပ်တာ၊ ပုံသွင်းတာတွေ လုပ်ပါ။ လိုအပ်တဲ့ ဆံပင်ထိန်းသိမ်းမှုတွေကိုလည်း လုပ်ဆောင်ပါ။ လိုချင်တဲ့ ဆံပင်အရှည်ရလာပြီဆိုရင် စောင့်ရကျိုးနပ်တယ်ဆိုတာ သိလာပါလိမ့်မယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%