ဘာကြောင့်ပဲဖြစ်ဖြစ် Relationship တစ်ခု အဆုံးသတ်သွားတာက နာကျင်ခံစားရတာ အမှန်ပါပဲ။ ဒီအချိန်မှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ပိုဆိုးပါတယ်။ ဒီလို အသဲကွဲတဲ့ အခြေအနေ၊ ခံစားမှုကနေ လွတ်မြောက်ဖို့အတွက် ရည်းစားဟောင်းကို မေ့ဖျောက်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ရည်းစားဟောင်းကို မေ့ဖျောက်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ဖြစ်ပျက်ခဲ့သမျှကို လက်ခံလိုက်ပါ
ရည်းစားနဲ့ပြတ်သွားတိုင်းမှာ စိတ်ပျက်ဒေါသဖြစ်ရတာက သဘာဝပါပဲ။ ဒါပေမယ့် အချိန်အကြာကြီး စိတ်ပျက်ဒေါသဖြစ်နေမယ်ဆိုရင် သင့်ကိုယ်သင် ထိခိုက်အောင်လုပ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင်တို့နှစ်ဦးကြားထဲက ဇာတ်လမ်းတစ်ခန်းရပ်သွားပြီဆိုတာကို လက်ခံလိုက်ပါ။ ဖြစ်ပျက်ခဲ့သမျှကို လက်ခံလိုက်တာက သင့်ရဲ့ရည်းစားဟောင်းကို မေ့ဖျောက်ပြီး ရှေ့ဆက်နိုင်ဖို့ ပထမဆုံးအဆင့်ပါပဲ။
၂။ စွန့်လွှတ်လိုက်ပါ
ချစ်သူရည်းစားကိစ္စတိုင်းမှာ အဓိကအကျဆုံးစည်းမျဉ်းတစ်ခုက အရမ်းအစွဲအလမ်းမကြီးဖို့ပါပဲ။ လက်လွှတ်တတ်အောင် သင်ယူရပါမယ်။ ချစ်ရသူတစ်ယောက်ကို လက်လွှတ်ဖို့က မလွယ်ဘူးဆိုပေမယ့် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ နှစ်ဦးကြားမှာ အမှတ်တရတွေ အများကြီးနဲ့ ဒီအမှတ်တရတွေကို မေ့ဖို့က မဖြစ်နိုင်သလောက်နီးပါးပါပဲ။ ဒါပေမယ့် သင့်ရဲ့ တန်ဖိုးကို မမြင်နိုင်သူတစ်ယောက်အတွက် သင့်ရဲ့အချိန်၊ ကြိုးစားအားထုတ်မှုကိုတွေ ထပ်ပြီးဖြုန်းတီးမနေသင့်ပါဘူး။
၃။ အပြင်ထွက်ပါ တက်တက်ကြွကြွနေပါ
ရည်းစားနဲ့လမ်းခွဲပြတ်ဆဲပြီးရင် တစ်ယောက်ထဲနေချင်တယ်ဆိုတာ သိပါတယ်။ တစ်ယောက်ထဲနေပြီး စိတ်ထဲရှိသမျှကို ခံစားနေချင်မှာပါ။ ဒါပေမယ့် တစ်ယောက်ထဲ အကြာကြီးအခန်းအောင်မနေသင့်ပါဘူး။ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ ဒီအချိန်မှာ သင့်ကို လိုက်ချုပ်ချယ်နေမယ့်သူမရှိတဲ့အတွက် အကောင်းဆုံးပါပဲ။ ရည်းစားဟောင်းအကြောင်း တွေးမိချိန်ကို နည်းနိုင်သမျှ နည်းအောင် နေပါ။
၄။ တကယ်လို့သာ ဆိုတဲ့အတွေးမျိုး စိတ်ကူးမနေပါနဲ့
အချစ်ရေးတစ်ခုက ပျက်စီးသွားပြီးပြီဆိုရင် ဘယ်လောက်ပဲကြိုးစားကြိုးစား အရင်ကအတိုင်း ဘယ်လိုမှပြန်မဖြစ်နိုင်တော့ပါဘူး။ သင်တို့နှစ်ယောက်ကြားမှာ အဆင်မပြေတဲ့ အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ အချစ်ရေးတစ်ခုက ပြိုကွဲသွားပြီးမှ ပြန်အဆင်ပြေတယ်ဆိုတာ ရှားပါတယ်။ လမ်းခွဲပြတ်ဆဲရတဲ့ အကြောင်းရင်းက အလုပ်ကြောင့်၊ ဒါမှမဟုတ် နားလည်မှုလွဲတာလိုမျိုး ပြင်ပအကြောင်းတွေကြောင့်ဆိုရင် ပြန်အဆင်ပြေဖို့ ဖြစ်နိုင်ပေမယ့် တစ်ယောက်ယောက်က ဖောက်ပြန်တာ၊ အမြင်မတူတာတွေကြော်င့ဆိုရင်တော့ ပြန်မတွဲကြတာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ပြန်အဆင်ပြေခဲ့ရင်ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံမနေပါနဲ့။
၅။ အမှတ်တရ အသစ်တွေ ဖန်တီးပါ
သင့်ရဲ့ မှတ်ဉာဏ်ထဲကနေ ရည်းစားဟောင်းကို ထုတ်ပစ်နိုင်ဖို့အတွက် မှတ်ဉာဏ်အသစ်တွေ ဖန်တီးဖို့ လိုပါတယ်။ အရင်က အတူတူသွားခဲ့ဖူးတဲ့ အမှတ်တရနေရာတွေရှိရင် မသွားပါနဲ့။ အခြားနေရာသစ်တစ်ခုကို သွားပါ။ အရင်က မစားဖူးခဲ့တာတွေ စားပါ။ မလုပ်ဖူးခဲ့တာတွေ လုပ်ကြည့်ပါ။ အရင်က စိတ်တောင်မကူးခဲ့ဖူးတဲ့ စွန့်စွန့်စားစား အရာတွေလုပ်ကြည့်ပါ။ ဒါတွေအားလုံးက သင့်ရည်းစားဟောင်းကို မေ့ဖျောက်ဖို့ ကူညီပေးပါလိမ့်မယ်။
၆။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ပါ
အခု သင့်က တစ်ကိုယ်တည်းသမားဖြစ်သွားပါပြီ။ ဒီအချိန်က သင့်ကိုယ်သင် အာရုံစိုက်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ သင့်ရဲ့ အချိန်နဲ့ ငွေကို သင်တစ်ယောက်ထဲအတွက် အကောင်းဆုံးအသုံးချနိုင်တဲ့ အချိန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ အဝတ်အစားသစ်တွေဝယ်ပါ။ ရေကူးတာ၊ ယောဂကျင့်တာ လိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပါ။ သင့်ကိုယ်သင် တိုးတက်အောင် လုပ်ပါ။ ရည်းစားရှိချိန်တုန်းက မှေးမှိန်သွားခဲ့ရတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်လည်တောက်ပလာအောင် လုပ်ပါ။ ဒါက သင့်ကို ခံစားမှုကောင်းစေရုံသာမက ဆွဲဆောင်မှုလည်း ပိုလာစေနိုင်ပါတယ်။
၇။ ရည်းစားဟောင်းနဲ့ မဆုံတွေ့ရအောင် တတ်နိုင်သမျှရှောင်ပါ
ရည်းစားဟောင်းကို မေ့ဖျောက်ပြီး ရှေ့ဆက်နိုင်ဖို့အတွက် လုံးဝပြန်မပတ်သက်မိအောင် နေတာအကောင်းဆုံးပါပဲ။ အပြင်မှာပဲဖြစ်ဖြစ်၊ online ပေါ်မှာပဲဖြစ်ဖြစ် လုံးဝမတွေ့ရအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဆိုရှယ်မီဒီယာတွေမှာ ရည်းစားဟောင်း အကောင့်တွေကို block ထားပါ။ ပြောခဲ့ဖူးတဲ့ Chat list တွေကို ဖျက်ပစ်လိုက်ပါ။ အဆက်အသွယ်ရှိနေသမျှ မေ့ဖျောက်ဖို့ ခက်ခဲနိုင်တာကြောင့် လုံးဝမပတ်သက်မိအောင် နေပါ။
၈။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပါ
သင့်ဘဝမှာ လုပ်ချင်တာတွေအားလုံးကို စာရင်းချရေးလိုက်ပါ။ ရည်းစားရှိတုန်းက လုပ်ခွင့်မသာခဲ့တာတွေက ဘာတွေဖြစ်မလဲသုံးသပ်ပါ။ ဒီအရာတွေကို စိတ်ကြိုက်လုပ်ဆောင်ပါ။ ရည်းစားဟောင်းနဲ့ပတ်သက်သမျှ အမှတ်တရပစ္စည်းတွေ၊ ဓာတ်ပုံတွေ အားလုံးကို ရှင်းထုတ်ပစ်လိုက်ပါ။ ဒီလိုလုပ်ဖို့က မလွယ်ပေမယ့် သူမပါပဲ သင့်ဘဝကို ရှေ့ဆက်နိုင်ဖို့ မြန်မြန်ရှင်းထုတ်နိုင်လေ ကောင်းလေပါပဲ။
၉။ သင့်ရဲ့ ကောင်းကွက်တွေကို ရှာပါ
သင့်အနေနဲ့ တကယ်စိတ်ပိုင်းဖြတ်ပြီး ရှေ့ဆက်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ရည်းစားဟောင်းနဲ့ပတ်သက်ပြီး သင်မကြိုက်တာတွေ၊ မကောင်းတဲ့အချက်တွေကို ချရေးပါ။ ဒီအချက်တွေကြောင့် လမ်းခွဲရတယ်ဆိုတာကို အမြဲအမှတ်ရနေပါ။ သင်ကိုယ်တိုင်ရဲ့ ကောင်းကွက်တွေ၊ အားသာချက်တွေကိုလည်း ပြန်သုံးသပ်ပါ။
၁၀။ အချစ်ကို ပြန်ရှာဖွေပါ
သင့်ရဲ့ အရင်တစ်ယောက်နဲ့ အဆင်မပြေဘူးဆိုရင် နောက်ထပ် ချစ်သူရည်းစားမထားပဲ မနေသင့်ပါဘူး။ သင့်အတွက် ပိုသင့်တော်မယ်၊ ပိုကောင်းတဲ့ ချစ်သူမိန်းကလေးတစ်ယောက် ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် နောက်တစ်ကြိမ်ပြန်ချစ်နိုင်အောင် ကြိုးစားပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine