လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ရေးနဲ့ ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် အိပ်ရာထဲမှာ ကောင်းကောင်းအစွမ်းပြချင်တယ်ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အခုဖော်ပြမယ့် အစားအစာ(၇)မျိုးကတော့ သင့်ရဲ့ အလုံးစုံကျန်းမာရေးကိုသာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုပါ တိုးတက်စေနိုင်ပါတယ်။
၁။ အသား
သင့်ရဲ့နေ့စဉ်အစားအစာတွေထဲမှာ အသားတမျိုးမျိုးပါအောင်စားသုံးပေးတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အထောက်အကူဖြစ်စေနိုင်မှာပါ။ အမဲသား၊ ကြက်သား၊ ဝက်သားတွေမှာ Carnitine, L-arginine နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ Carnitine နဲ့ L-arginine တို့ဟာ သွေးလည်ပတ်မှုကို မှန်ကန်စေတဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေ ဖြစ်တာကြောင့် အမျိုးသားရော အမျိုးသမီးမှာပါ လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို အားကောင်းစေနိုင်ပါတယ်။
၂။ ကမာ
အမျိုးသားတွေရဲ့ ခွန်အားကို တိုးတက်စေတဲ့ ကမာတွေရဲ့အစွမ်းအာနိသင်ကို ကြားဖူးရင် ကြားဖူးပါလိမ့်မယ်။ ဂုံး၊ ကမာ စတာတွေမှာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်းဟော်မုန်းကို အထွက်များစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ တက်စတိုစတီရုန်းဟာ လိင်ကိစ္စနိုးကြားမှုကို တိုးတက်စေပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတွေကို သွေးလည်ပတ်မှုကောင်းစေတဲ့ ဇင့်ဓာတ်လည်း ပါဝင်ပါတယ်။ ဂုံးတွေ၊ ကမာတွေ မကြိုက်ရင် ကျောက်ပုဇွန်နဲ့ ဂဏန်းတွေ စားလို့ရပါတယ်
၃။ ဆော်လ်မွန်ငါး
ဆော်လ်မွန်ငါးတွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ အိုမီဂါ သရီး အဆီအက်ဆစ်ဓာတ်ကြောင့် လူသိများများပါတယ်။ ဆော်လ်မွန်ငါးသာမက တူနာငါးမှာလည်း အလားတူအာနိသင်ရှိပြီး သင့်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။ အိုမီဂါသရီးဟာ သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၄။ အခွံမာသီးနဲ့ အစေ့အဆံများ
ချောကလက်က ရိုမန်းတစ်ဆန်တာ မှန်ပါတယ်။ ဒါပေမယ့် အချိုတွေအစား အခွံမာသီးနဲ့ အစေ့အဆံစားလို့ရတဲ့ မုန့်တွေက အိပ်ရာထဲက စွမ်းဆောင်ရည်ကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ သီဟိုဠ်စေ့၊ ဗာဒံစေ့တွေမှာ ဇင့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့၊ နေကြာစေ့၊ ဟေဇယ်နပ်၊ ပဲစိမ်းစတာတွေမှာလည်း အလားတူအာနိသင်တွေ ရရှိနိုင်ပါတယ်။
၅။ ပန်းသီး
တစ်ရက်ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်မလိုဘူးဆိုတဲ့ စကားက ကျန်းမာရေးအတွက်သာမက အချစ်ရေးသာယာဖြောင့်ဖြူးဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပန်းသီးတွေပဲ မဟုတ်ပါဘူး၊ ဘယ်ရီအမျိုးမျိုး၊ ချယ်ရီသီး၊ ကြက်သွန်နီ၊ အနက်ရောင် စပျစ်သီးတွေမှာလည်း လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။ ဒီအသီးတွေ များများစားမယ်ဆိုရင် လိင်အင်္ဂါတွေ နာကျင်တာ၊ ပန်းသေပန်းညှိုးတာနဲ့ လိင်စိတ်နည်းပါးတာတွေကို ကာကွယ်နိုင်ပါတယ်။
၆။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ သွေးကို ကျဲစေပြီး သွေးဖိအားများခြင်း၊ ကိုလက်စထရောဓာတ်များခြင်းနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေနိုင်တဲ့အတွက် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လည်း တိုးတက်စေနိုင်ပါတယ်။
၇။ ဝိုင်နီ
ဒါကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ဝိုင်နီလေးတစ်ခွက်လောက်က မိန်းကလေးကို ချစ်တင်းနှောချင်စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ မိန်းကလေးတစ်ယောက်ဟာ တစ်ရက်ကို ဝိုင်နှစ်ခွက်လောက် သောက်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ နိုးကြားမှု များလာတယ်လို့ ဆိုပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine