အတ္တကြီးသူတွေရဲ့ လက္ခဏာများ

အတ္တကြီးခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်သာ အရေးပါအရာရောက်ကြောင်း ထုတ်ဖော်ပြသချင်တာ၊ ပတ်ဝန်းကျင်ရဲ့ အာရုံစူးစိုက်မှုကို အပြင်းအထန်လိုချင်တာ၊ ကိုယ်ချင်းစာစိတ်မရှိတာတွေက အတ္တကြီးခြင်းရဲ့ လက္ခဏာတွေပါပဲ။ ဒီအချက်တွေရှိနေသူတစ်ယောက်ကို ဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ပါဘူး။ ဒါ့ကြောင့် အတ္တကြီးသူတွေကို သိရှိပြီး ဝေးဝေးရှောင်လို့ရအောင် အတ္တကို ရှေ့တန်းတင်တတ်သူတွေရဲ့ လက္ခဏာတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ဝေဖန်မှုကို လက်မခံနိုင်ဘူး။

အတ္တကြီးသူတစ်ယောက်ရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်စတာတွေကို ဝေဖန်လိုက်မယ်ဆိုရင် သူတို့က သေချာလက်ခံနားထောင်ခြင်းမရှိသလို အသုံးမဝင်တဲ့အချက်အလက်တွေနဲ့ ချေပငြင်းဆိုပါလိမ့်မယ်။ သူတို့ စိတ်ထဲမှာ သူတို့သာလျင် အကောင်းဆုံး၊ အတော်ဆုံးလို့ သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုလူတွေက ဝေဖန်ခံရတဲ့အခါတိုင်းမှာ မဆိုင်တာတွေဆွဲထည့်ပြီး ဝေဖန်သူကို ချိုးနှိမ်တိုက်ခိုက်ဖို့ ကြိုးစားတတ်ကြပါတယ်။

၂။ မိမိကိုယ်ကိုတန်ဖိုးထားမှု နည်းတယ်။

ဒီအချက်က တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာလား၊ စိတ်မလုံခြုံမှုခံစားနေရတာလားဆိုတာ လူတွေရဲ့စိတ်ကို မမြင်နိုင်တဲ့အတွက် ပြောရခက်ပါတယ်။ ဒါပေမယ့် အတ္တကြီးသူတွေနဲ့ ပတ်သက်လာရင်တော့ သူတို့က အပေါ်ယံမှာ မာကျောသလိုဟန်လုပ်နေပေမယ့် အတွင်းစိတ်က အရမ်းပျော့ညံ့ကြသူတွေဖြစ်ပါတယ်။ သူတို့ ပျော့ညံ့တာကို လူသိမှာစိုးရိမ်တာကြောင့် ယုံကြည်မှုပြင်းထန်သလို ဟန်လုပ်နေတာဖြစ်ပါတယ်။ သူတို့ကိုယ် သူတို့တန်ဖိုးထားမှု နိမ့်ပါးပြီး သံသယတွေရှိနေတာကို လူသိမှာ စိုးရိမ်တတ်ကြသူတွေ ဖြစ်ပါတယ်။

၃။ ငါ ပြောတာ အမှန်။

အတ္တကြီးသူတွေဟာ သူတို့ပြောတဲ့အတိုင်းမဟုတ်ရင် အခြားဘယ်နည်းလမ်းကိုမှ လက်မခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာကိုတောင်မှ အကြောက်အကန်ငြင်းခုံပြီး လက်ခံနိုင်ဖို့ ခက်ခဲကြသူတွေပါ။ ဒါ့ကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အတွက်ဆိုရင် ဒီလိုလူတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပါပဲ။

၄။ အာရုံစိုက်ခံချင်စိတ်။

လူတွေဟာ အသက်ရှင်ဖို့အတွက် အောက်စီဂျင်ကို လိုအပ်သလို အတ္တသမားတွေကလည်း အာရုံစိုက်ခံရဖို့ အသည်းအသန်လိုအပ်ကြပါတယ်။ သူတို့လိုချင်တဲ့ အာရုံစိုက်မှုမရရင် သေသွားမလောက်ကို လိုအပ်တာပါ။ အတ္တကြီးသူတစ်ယောက်ကို ချီးကျူးစကားပြောတာက အလကားပါပဲ။ သူတို့လိုချင်တဲ့ ချီးမွမ်းထောပနာကို ဘယ်သူကမှ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုအားနည်းတာ၊ စိတ်မလုံခြုံတာတွေကြောင့် လူတွေရဲ့ အာရုံစိုက်ခံရဖို့ကို အမြဲအားထုတ်နေတတ်ကြသူတွေဖြစ်ပါတယ်။

၅။ တာဝန်သိစိတ်မရှိ၊ အပြစ်လွှဲချ။

အတ္တသမားတွေဟာ အရာရာကို သူတို့နည်းလမ်းအတိုင်း လုပ်ပြီး အဆင်ပြေသွားရင် နာမည်ကောင်းရဖို့ မျှော်လင့်တတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုခုလွှဲမှားသွားခဲ့ရင်တော့ တာဝန်ယူချင်စိတ်မရှိပဲ အပြစ်လွှဲချဖို့လည်း ဝန်မလေးကြပါဘူး။

၆။ အခြေအနေကို နားမလည်။

အတ္တကြီးသူတွေရဲ့ အဓိကပြဿနာက သူတို့အတွက်ပဲ သူတို့ကြည့်တတ်ကြတာကြောင့် ပတ်ဝန်းကျင်ကို လေးစားသမှု မရှိတာပဲဖြစ်ပါတယ်။ သူတို့ကို အာရုံစိုက်မှုရဖို့ အခြားသူတွေရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်မရှိတာကြောင့် သူတို့လုပ်ရပ်ကြောင့် တခြားသူတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာလည်း နားလည်မှာမဟုတ်ပါဘူး။ သူတို့လိုချင်တဲ့အာရုံစိုက်မှုကို ရဖို့၊ သူတို့လုပ်ချင်တာ လုပ်ရဖို့ကိုသာ အမြဲဦးစားပေးပြီး အခြေအနေကိုလိုက်ပြီး မပြုမူတတ်သူတွေဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%