ချမ်းသာကြွယ်ဝလာဖို့၊ အလုပ်ကနေ အနားယူဖို့၊ အကြွေးတွေဆပ်ဖို့ စိတ်ကူးရှိပါသလား။ ဒါမှမဟုတ် ဝင်ငွေရဖို့ စိတ်ပူမနေရပဲ သက်တောင့်သက်သာဘဝလေးမှာ နေချင်ပါသလား။ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုရည်မှန်ချက်တွေပဲ ရှိနေပါစေ၊ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခုပဲ ရှိပါတယ်။
ဒီအချက်က ရှာနိုင်တာထက် လျှော့သုံးဖို့ပါ။
ရှာနိုင်တာထက် လျှော့သုံးဖို့ဆိုတာက ပြောဖို့ထက် လုပ်ဖို့ခက်ပါတယ်။ ရေရှည်အကျိုးစီးပွားအတွက် လက်ငင်းပျော်ရွှင်မှုကို စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။ ငွေကြေးကို သုံးစွဲဖို့ထက် စုဆောင်းဖို့ ဦးစားပေးရမှာပါ။ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ မိမိကိုယ်ကို စည်းကမ်းကြပ်မတ်ဖို့လည်း လိုပါတယ်။
ဒါပေမယ့် ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို သိထားမယ်ဆိုရင် လက်ငင်းပျော်ရွှင်မှုတွေကို စွန့်လွှတ်ရတာ ထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ပါ။
၁။ ကြွေးမြီကင်းစေတယ်။
ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင် အကြွေးတင်တော့မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ လက်ငင်းငွေပေးချေနိုင်တာတွေကိုပဲ ဝယ်ပါ။ တတ်နိုင်သမျှ စိစစ်ချွေတာပါ။ လိုချင်တာတွေထက် လိုအပ်တာတွေကိုပဲ ဝယ်ပါ။ အကြွေးမတင်တော့တဲ့အတွက် အကြွေးအတွက်ပေးရတဲ့ အတိုးနှုန်းထားတွေအတွက်ပါ သက်သာသွားစေနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှု နည်းစေတယ်။
ရှာနိုင်တာထက် လျှော့သုံးဖို့ ဆုံးဖြတ်ထားတဲ့အခါမှာ ဝယ်ချင်ခြမ်းချင်စိတ်တွေ နည်းသွားပါလိမ့်မယ်။ ဒါ့အပြင် သင့်အတွက် ငွေတစ်ကျပ်တစ်ပြားစီတိုင်းက ရည်ရွယ်ချက်ရှိနေနိုင်ပါတယ်။ လစဉ်ဝင်ငွေကို သိထားပြီး သုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲနိုင်တဲ့အခါမှာ ငွေကြေးပူပင်သောကနဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါလိမ့်မယ်။ သင့်ငွေတွေ ဘယ်လိုကုန်သွားလဲဆိုတာ အံ့သြမနေရပဲ ပေးစရာရှိတာတွေကို ပေးနိုင်တဲ့အတွက် စိတ်ပူပင်မှုတွေ နည်းသွားမှာပါ။
၃။ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်နိုင်တယ်။
ငါ့မှာ ဒီထက်ငွေပိုရှိရင် ကောင်းမှာပဲလို့ တွေးဖူးပါသလား။ ဒါဆိုရင်တော့ အခုကစပြီး ရှာနိုင်တာထက် လျှော့သုံးဖို့ အကြံပေးချင်ပါတယ်။ အစပိုင်းမှာ မသိသာပေမယ့် ရှာနိုင်သမျှ ငွေတိုင်းကို ကုန်အောင် မသုံးတဲ့အခါ ပိုငွေနည်းနည်းစီက ရေရှည်မှာ ပမာဏများလာနိုင်ပါတယ်။ ငွေပိုငွေလျှံစုဆောင်းမိလာတဲ့အခါမှာ ငွေပိုရဖို့ထက် ရှိပြီးသားငွေကို တိုးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပိုစိတ်ဝင်စားလာပါလိမ့်မယ်။
၄။ ငွေကြေးဆိုင်ရာ ယုံကြည်မှု ရှိလာနိုင်တယ်။
လက်ထဲမှာ ငွေပိုငွေလျှံ မရှိတဲ့အခါ ငွေကြေးနဲ့ပတ်သက်ပြီး ယုံကြည်မှုတွေ ကျဆင်းသွားတတ်ပါတယ်။ လိုအပ်တာတစ်ခုခု သုံးဖို့စွဲဖို့ ရှိလာတဲ့အခါမှာ အထပ်ထပ်အခါခါစဉ်းစားနေရမှာပါ။ တကယ်လို့ ရှာနိုင်တာထက် လျှော့သုံးပြီး ငွေပိုငွေလျှံရှိလာတဲ့အခါမှာတော့ ငွေကြေးဆိုင်ရာ ယုံကြည်မှုတွေ ရှိလာနိုင်ပါတယ်။
၅။ ပိုပြီးလွတ်လပ်စေတယ်။
ရှာနိုင်တာထက် လျှော့သုံးခြင်းရဲ့ အကောင်းဆုံးအပိုင်းက လွတ်လပ်မှုကို ဖြည့်ဆည်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ ပေးဆပ်စရာ အကြွေးတွေလည်း မရှိ၊ အလွန်အကျွံသုံးဖြုန်းနေတာတွေလည်း မရှိတော့တဲ့အခါမှာ အပန်းဖြေခရီးထွက်ဖို့၊ ဝါသနာပါရာတွေကို လုပ်ဆောင်နိုင်ဖို့ လွတ်လပ်မှု ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးအကုန်အကျတွေ များပြီး အကြွေးတင်နေလို့ မလုပ်ချင်ပဲ လုပ်နေရတဲ့အလုပ်ကလည်း ထွက်ပြီး စိတ်ပါဝင်စားတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဘဝနေထိုင်မှုပုံစံ ရစေတယ်။
ရှာနိုင်တာထက် လျှော့သုံးမယ်ဆိုရင် စားသောက်နေထိုင်မှုပုံစံတွေကို လိုက်လျောညီထွေ ပြောင်းလဲဖို့ လိုပါတယ်။ ဒီလိုပြောင်းလဲမှုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ရစေနိုင်ပါတယ်။ ဥပမာ – ငွေကြေးအကုန်အကျသက်သာဖို့ အပြင်မှာ ဝယ်စားမယ့်အစား အိမ်မှာ ချက်စားတာက အပြင်စာတွေထက် ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine