ခံစားချက်တွေကို ဝေမျှသင့်တဲ့ အကြောင်းရင်းများ

စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာရင် ယောင်္ကျားလေးအများစုက သိသာအောင် ထုတ်ဖော်ပြသလေ့ မရှိပါဘူး။ ငယ်ငယ်ကတည်းကလည်း ငိုတာက မိန်းကလေးအလုပ်ဖြစ်ပြီး ယောင်္ကျားမှန်ရင် မျက်ရည်မကျရဘူးလို့ ပြောခံရလေ့ရှိပါတယ်။ ဒါ့ကြောင့်ပဲ ယောင်္ကျားလေးတွေ အရွယ်ရောက်လာတဲ့အခါ ငိုတာ တနည်းအားဖြင့် စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြသတာက မကောင်းတဲ့အကျင့်တစ်ခုလို သတ်မှတ်ပြီး ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြပါတယ်။

တကယ်တော့ ခံစားချက်တွေကို ဝေမျှပေးတတ်ဖို့က အရေးကြီးပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတာက မိမိကိုယ်ကိုယ် စိတ်အကျဉ်းထောင်ထဲမှာ လှောင်ပိတ်ထားသလိုပါပဲ။ ပျော်ရွှင်မှုကို မခံစားရပဲ စက်ရုပ်တစ်ရုပ်လို ဖြစ်လာနိုင်ပါတယ်။ ဘဝကို ရွှင်လန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ စိတ်ခံစားချက်တွေကို ဝေမျှပေးဖို့ လိုပါတယ်။ ခံစားချက်တွေကို ဝေမျှသင့်တဲ့ အခြားအကြောင်းရင်းတွေကတော့..

၁။ ခံစားချက်တွေကို ဝေမျှတာက အသိအမှတ်ပြုရာရောက်တယ်။

အပြောင်းအလဲတစ်ခုလုပ်ဖို့အတွက် ပထမဆုံးအဆင့်က ပြဿနာကို သိဖို့ဖြစ်ပါတယ်။ များသောအားဖြင့် စိတ်ခံစားချက်တွေကို အသိအမှတ်မပြုပဲ အပြောင်းအလဲလုပ်တတ်ကြပါတယ်။ ဒီအခါမှာ ပြဿနာက မပြေလည်သွားပဲ ကြန့်ကြာနေလေ့ရှိပါတယ်။ နောက်ပိုင်း ပြဿနာက ပိုကြီးလာတဲ့အခါ ခံစားချက်တွေ ပိုပြင်းထန်လာပြီး ပိုမိုဆိုးရွားတဲ့ရလဒ်တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခုရှိလာပြီဆိုရင် ဘယ်လိုခံစားရလဲဆိုတာကို အသိအမှတ်ပြုပြီးမှ အပြောင်းအလဲလုပ်ပါ။

၂။ ခံစားချက်တွေကို ဝေမျှတာက စိတ်သက်သာရာရစေတယ်။

ခံစားချက်တွေကို မျိုသိပ်ထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြင်းထန်လာလေ့ရှိပါတယ်။ ဘာမှမဟုတ်တဲ့ စိတ်ပျက်စရာလေးတစ်ခု ကြုံရရင်တောင်မှ မျိုသိပ်ထားသမျှ ခံစားချက်တွေ အားလုံးကို ပြန်ပြီးနှိုးဆွပေးနိုင်ပါတယ်။ ဒီလိုဆိုရင် သင့်ရဲ့စိတ်ကို ခံစားမှုတွေက ကြီးစိုးထားပြီး ဘာလုပ်လုပ် စိတ်ပျက်စရာဖြစ်နေမှာပါ။ ဒီလိုအခြေအနေကနေ စိတ်သက်သာရာရဖို့အတွက်က သင့်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်သူတစ်ယောက်ယောက်ဆီ ဖွင့်ဟဝေမျှပေးလိုက်တာပါပဲ။

၃။ လိုအပ်တဲ့အကူအညီအထောက်အပံ့ရစေနိုင်တယ်။

စိတ်ထဲက ခံစားချက်တွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုဖွင့်ဟဝေမျှမှသာ လိုအပ်တဲ့ အားပေးကူညီမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့အားပေးကူညီမှုတွေက သင့်ရဲ့အမြင်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ခံစားနေရသမျှ အကြောင်းအရာတွေ ပေါ့ပါးသက်သာသွားစေနိုင်ပါတယ်။ မျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာစေနိုင်ပါတယ်။

၄။ ခံစားချက်တွေကို ပိုပြီး ထိန်းသိမ်းနိုင်တယ်။

ဘဝကို တခြားတစ်ယောက်က ကြိုးကိုင်ထိန်းချုပ်နေတာကို ဘယ်သူမှ လက်မခံချင်ကြပါဘူး။ ဒါဆိုရင် ခံစားချက်တွေက ထိန်းချုပ်နေတာကိုရော ဘာကြောင့် လက်ခံနေမှာလဲ။ မျိုသိပ်ထားတဲ့ ခံစားချက်တွေများလာတဲ့အခါ သင့်ရဲ့ အပြုအမူ၊ အပြောအဆိုအားလုံးကို လွှမ်းမိုးချယ်လှယ်သွားနိုင်ပါတယ်။ ခံစားချက်တွေကို ဝေမျှလိုက်တဲ့အခါမှာ သင့်ဘဝကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ပြန်လည် ရရှိလာမှာပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%