စတိုင်ကျသပ်ရပ်တဲ့ ဆံပင်ပုံစံဟာ ယောင်္ကျားလေးတစ်ယောက်အတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ပဲ လိုချင်တဲ့ ဆံပင်ပုံစံရဖို့ Hair Gel တွေကို သုံးလေ့ရှိကြပါတယ်။ Hair Gel တွေက ဆံပင်ကို စိတ်တိုင်းကျ ပုံဖော်ရာမှာ အဆင်ပြေလွယ်ကူစေနိုင်ပေမယ့် ဆံသားနဲ့ ဦးရေပြားအတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ Hair Gel သုံးလေ့ရှိတဲ့ ယောင်္ကျားလေးတိုင်း သတိထားနိုင်အောင် Hair Gel ရဲ့ ဘေးထွက်ဆိုးကျိုးတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ဆံသားကို ခြောက်သွေ့စေနိုင်တယ်။
Hair Gel တွေမှာပါဝင်တဲ့ အရက်ပျံနဲ့ အခြားဓာတုပစ္စည်းတွေက ဆံပင်ဆံသားနဲ့ ဦးရေပြားမှာရှိတဲ့ ရေဓာတ်ကို ခန်းခြောက်သွားစေနိုင်ပါတယ်။ Gel တွေဟာ ဦးရေပြားက အဆီထုတ်လုပ်မှုကို လျော့နည်းစေပြီး ယားယံခြင်းနဲ့ အရေပြားလန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကိုလည်း ခြောက်သွေ့ ဖွာလန်သွားစေနိုင်တာကြောင့် အမြဲတမ်း Gel သုံးနေမှ အဆင်ပြေပါလိမ့်မယ်။
၂။ ဆံပင်ကျွတ်စေတယ်။
Hair Gel တွေကြောင့် ဦးရေပြားခြောက်သွေ့ခြင်းက ဆံပင်တွေ ပြတ်ထွက်တာနဲ့ ကျွတ်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ Gel လိမ်းထားတဲ့အခါမှာ ဓာတုပစ္စည်းတွေနဲ့အတူ ပြင်ပက အညစ်အကြေးတွေ အားလုံး ဓာတ်ပြုပြီး ဦးရေပြားဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို စုပုံလာစေပါတယ်။ ဒီလိုကတဆင့် ဆံပင်အပေါက်တွေ ပိတ်ဆို့ပြီး ဆံပင်တွေကို ပိုမိုကျွတ်ထွက်လာစေနိုင်ပါတယ်။
၃။ ဗောက်ထစေတယ်။
Gel အသုံးများခြင်းကြောင့် ဦးရေပြားခြောက်သွေ့ပြီး အဟာရမပြည့်ဝခြင်းဟာ ဦးရေပြားယားယံခြင်း၊ အဖတ်လန်ခြင်းတို့ကနေတဆင့် ဗောက်ထခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးရေပြားအဆီထုတ်လုပ်မှု ပုံမှန်မဟုတ်ခြင်း ချွေးပေါက်ပိတ်ခြင်းတို့ကြောင့် ဆံသားအရင်းအမြစ်တွေကို အားနည်းစေပြီး ဗောက်တွေကို ထိန်းမနိုင်သိမ်းမရဖြစ်လာစေနိုင်ပါတယ်။ ဦးရေပြားရောင်ယမ်းခြင်းနဲ့ ဝက်ခြံပေါက်ခြင်းလို အခြားအရေပြားပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
၄။ ဆံသားပျက်စီး အရောင်ကျစေတယ်။
ဆံသားပျက်စီးတာ၊ နှစ်ခွဖြစ်တာ၊ ဆံလုံးသေးတာနဲ့ အရောင်ကျသွားတာတွေကလည်း Hair Gel တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲ။ Gel မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ဆံပင်ရဲ့ အစိုဓာတ်နဲ့ အဟာရဓာတ်တွေကို လျော့နည်းသွားစေတာကြောင့် ဆံပင်တွေကို အားနည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်မှာရှိတဲ့ pH ပမာဏကို မူမမှန်ဖြစ်စေပြီး အရောင်မှိန်ဖျော့တော့သွားစေနိုင်ပါတယ်။
ဒီအချက်တွေကတော့ Hair Gel တွေ အသုံးများတဲ့အခါ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine