ငွေသုံးခါနီးတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းများ

လကုန်ခါနီးရင် ပိုက်ဆံပြတ်သွားတာက ထုံးစံတစ်ခုလို့ ဖြစ်နေပြီလား။

တစ်လတစ်လ အလျင်မှီဖို့ မနည်းကြိုးစားနေရပါသလား။

ငွေစုချင်ပေမယ့် စုဆောင်းစရာ ငွေပိုငွေလျှံ မရှိဖြစ်နေပါသလား။

ဒါဆိုရင်တော့ သင့်ရဲ့ ငွေသုံးစွဲမှုကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီ။ ငွေကို စိစစ်ချွေတာသုံးစွဲပြီး စုဆောင်းနိုင်ဖို့အတွက် အခုဖော်ပြမယ့် မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

၁။ တကယ် လိုအပ်လား?

မလိုအပ်တာတွေကို ဝယ်တာက ကိုယ့်အိတ်ထဲက ကိုယ်ပြန်ခိုးနေတာပါပဲ။ နောက်တစ်ခါ တစ်ခုခုကို ဝယ်ချင်စိတ်ဖြစ်လာရင် “တကယ်လိုအပ်လို့လား”ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ သင့်ရဲ့ ငွေကြေးကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တာနဲ့ လိုချင်တာကို ကွဲပြားဖို့ လိုပါတယ်။ မရှိရင်မဖြစ်တဲ့ လိုအပ်တာတွေအတွက် ငွေသုံးတာက အမှားမဟုတ်ပါဘူး။ မလိုအပ်ပဲ လိုချင်တာတွေအတွက် သုံးတာကတော့ ငွေကြေးအကြပ်အတည်းတွေနဲ့ ကြုံရစေနိုင်ပါတယ်။ အခန့်မသင့်ရင် အကြွေးတောင် တင်နိုင်ပါသေးတယ်။

၂။ ဒီငွေရဖို့ အချိန်ဘယ်လောက် အလုပ်လုပ်ခဲ့ရလဲ?

သင် ဝယ်ချင်တာတစ်ခုခုရှိလာပြီဆိုရင် ပေးချေရမယ့် တန်ဖိုးကို သင့်ရဲ့ လုပ်အားခနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သင့်ရဲ့ လစာဝင်ငွေကို နာရီနဲ့ဖွဲ့ပြီး တစ်နာရီဘယ်လောက်ရလဲဆိုတာ အရင်တွက်ပါ။ ပြီးရင် သင်ဝယ်ချင်တဲ့ ပစ္စည်းတန်ဖိုးရဖို့ အချိန်ဘယ်နှစ်နာရီလောက် အလုပ်လုပ်ခဲ့ရလဲဆိုတာ တွက်ကြည့်ပါ။ ဒီလိုတွက်ပြီးရင် ဝယ်ချင်စိတ်ရှိသေးလား ဆန်းစစ်ကြည့်ပါ။

၃။ ဒီထက် ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်ဦးမလား?

တစ်ခါတစ်လေမှာ တစ်ချို့ပစ္စည်းတွေက ပထမဆုံးတွေ့တဲ့နေရာထက် ဈေးသက်သက်သာသာရနိုင်တာတွေ ရှိပါတယ်။ ဒါ့ကြောင့်တစ်ခုခု ဝယ်တော့မယ်ဆိုရင် အခြားဈေးသက်သာတဲ့နေရာရှိနိုင်ဦးမလားဆိုတာ သေချာစုံစမ်းလေ့လာပါ။ ပစ္စည်းတူချင်း ဈေးပိုသက်သာတဲ့နေရာကနေပဲ ဝယ်ပါ။

၄။ မရှိလို့ ဖြစ်လား?

သင်ဝယ်ယူမယ့်အရာက မရှိရင် ဘာဖြစ်မလဲဆိုတာ သင့်ကိုယ်သင် မေးပါ။ သင့်မှာ ဖိနပ်အကောင်းတစ်ရံရှိနေလျက်နဲ့ နောက်တစ်ရံထပ်ဝယ်ဖို့ တကယ်လိုအပ်လား ပြန်သုံးသပ်ပါ။ မရှိလို့လည်း ဖြစ်တဲ့အရာတွေအတွက် ငွေသုံးစွဲတာကို ဆင်ခြင်လိုက်ရင် ငွေပိုငွေလျှံထွက်လာနိုင်ပါတယ်။

၅။ ဝယ်ဖို့ထက် ငှားသုံးလို့ ရနိုင်မလား?

တစ်ခုခုလိုချင်တဲ့အခါ၊ လိုအပ်တဲ့အခါတိုင်းမှာ ငွေသုံးဖြေရှင်းစရာ မလိုပါဘူး။ ငှားရမ်းသုံးစွဲနိုင်တာတွေ အတွက် အပိုင်မဝယ်တာက ရေရှည်မှာ ငွေကိုချွေတာရာရောက်ပါတယ်။ ဥပမာ ခဏတာအတွက်ပဲ အသုံးဝင်မယ့်အသုံးအဆောင်ပစ္စည်းတွေကို အသစ်ဝယ်လိုက်တာထက် အသိမိတ်ဆွေတစ်ယောက်ယောက်ဆီက ငှားသုံးလိုက်သင့်ပါတယ်။ ငှားရမ်းခ အခကြေးငွေပေးရမယ်ဆိုရင်တောင် အသစ်ဝယ်ပြီးခဏပဲသုံးရမှာထက်စာရင် အများကြီးသက်သာနိုင်ပါတယ်။

နောက်တစ်ခါ ငွေသုံးစရာရှိတိုင်း ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%