ဘယ်သူမဆို ငွေကြေးအပူအပင်ကင်းအောင် ချမ်းသာကြွယ်ဝမှုကို လိုလားတောင့်တလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုချမ်းသာကြွယ်ဝလာဖို့က လူအများစုအတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး လက်တွေ့ဖြစ်မလာကြပါဘူး။ ဘာကြောင့်ဖြစ်မလဲ။
ချမ်းသာကြွယ်ဝချင်ပေမယ့် လက်တွေ့ဖြစ်မလာရတဲ့အကြောင်းရင်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါပဲ။ လူအများစုက လက်ရှိအခြေအနေမှာ မပျော်ကြပေမယ့် သက်တောင့်သက်သာရှိနေတာကို အသားကျနေတတ်ကြပါတယ်။ ဒီလို သက်တောင့်သက်သာဖြစ်နေတာကိုက တိုးတက်အောင်မြင်မှုရဲ့ ရန်သူဖြစ်ပါတယ်။
သင့်အနေနဲ့ လက်ရှိအခြေအနေထက် ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အရာအားလုံးအသားကျပြီးသား သက်တောင့်သက်သာအခြေအနေကနေ ရုန်းထွက်ပြီး မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်လိုချင်သာချင်ရင် သန်းကြွယ်သူဌေးစိတ်ဓာတ်ရှိဖို့ လိုပါတယ်။ သန်းကြွယ်သူဌေးစိတ်ဓာတ်ကို မွေးမြူနိုင်ဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အဆင့် (၆)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ဘာလိုချင်လဲဆိုတာ အာရုံစိုက်ပြီး ရအောင်ယူပါ။
ဘဝမှာ လိုချင်တာ ဘာလဲဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပါ။ ချမ်းသာကြွယ်ဝမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား၊ နှစ်ခုစလုံးလား ဘာပဲဖြစ်ဖြစ် သင်လိုချင်တာကို သေချာအာရုံစိုက်ပြီး ရယူပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်ပါ။ သင့်အနေနဲ့ လိုချင်တာတစ်ခုခုရှိရင် “ငါ လုပ်နိုင်တယ်၊ ငါ တကယ်လုပ်နိုင်တယ်” လို့တွေးပါ။ “မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး”လို့ မတွေးပါနဲ့။
၂။ ရည်မှန်းချက်ကို ဦးစားပေးပါ။
တိကျသေချာတဲ့ ရည်မှန်းချက်မရှိရင် ဘာကိုမှ စွမ်းဆောင်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတိုင်းနေရင်တော့ ထီပေါက်မှပဲ ချမ်းသာလာနိုင်ပါလိမ့်မယ်။ ရည်မှန်းချက်ချမှတ်ထားမယ်ဆိုရင် တချိန်မဟုတ်တစ်ချိန်မှာ လက်တွေ့ ပိုင်ဆိုင်ရယူနိုင်မှာပါ။ မြန်မြန်ချမ်းသာလာဖို့ မလုပ်ပါနဲ့။ ဖြည်းဖြည်းမှန်မှန် ချမ်းသာလာဖို့ အာရုံစိုက်ပါ။ ချမ်းသာချင်ရင် မဖြစ်မနေလုပ်ရမှာက ငွေစုဖို့ပါ။ တစ်နှစ်ကို ဘယ်လောက်စုမယ်ဆိုတာ ရည်မှန်းချက်ချမှတ်ပြီး စုဆောင်းပါ။
၃။ ငွေကို ရင်းနှီးမြုပ်နှံပါ၊ မဖြုန်းပါနဲ့။
ငွေကို စုဆောင်းရတဲ့ အကြောင်းရင်းက ဒီအဆင့်အတွက်ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတွေဟာ ငွေနဲ့ပတ်သက်လာရင် စိစစ်ချွေတာကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ ငွေကြေးကို ရင်းနှီးမြုပ်နှံခြင်းရဲ့ တန်ဖိုးကို ကောင်းကောင်းသိကြတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကို သုံးဖို့ထက် ရင်းနှီးမြုပ်နှံဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။ ငွေကြေးအတွက် အလုပ်မလုပ်ပါနဲ့။ သင်ပိုင်တဲ့ငွေကို အလုပ်လုပ်ခိုင်းပါ။ iPhone အသစ်တစ်လုံးဝယ်မယ့်အစား ဒီငွေကို ရင်းပြီး တိုးပွားအောင်လုပ်နိုင်မယ့် နည်းလမ်းကို ရှာပါ။ ဒါမှမဟုတ် သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် လေ့လာသင်ယူဖို့ သုံးပါ။
၄။ စဉ်ဆက်မပြတ်လေ့လာသင်ယူပါ။
သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်းဟာ အကောင်းဆုံး ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာအောင် လေ့လာသင်ယူခြင်းက ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ ရတနာသိုက်တစ်ခုကို တည်ဆောက်နေသလိုပါပဲ။ အောင်မြင်သူတွေအားလုံးက စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အလိုက်သင့် တိုးတက်ပြောင်းလဲနေကြပါတယ်။ စီးပွားရေးအကြောင်း လေ့လာပါ။ အရည်အချင်းအသစ်တွေ လေ့လာသင်ယူပါ။ အခွင့်အလမ်းတွေ တွေ့လာပါလိမ့်မယ်။
၅။ ကြီးကြီးတွေးပါ။
အကြီးကြီးတွေးပါ။ အမြင့်ဆုံးအထိ မျှော်မှန်းထားပါ။ ဒီလိုလုပ်တာ ရှက်စရာမဟုတ်ပါဘူး။ ကြယ်တွေလောက်အထိ ရည်ရွယ်ထားမှ အဆင်မပြေရင်တောင် လကမ္ဘာလောက်အထိ ရောက်နိုင်မှာပါ။
၆။ အာရုံစိုက်ခံရအောင် ကြိုးစားပါ။
အောင်မြင်ချင်တယ်ဆိုရင် သင့်ကိုယ်သင် လူတွေအာရုံစိုက်ခံရအောင် ကြိုးစားဖို့ လိုပါတယ်။ သင့်နာမည်နဲ့ အလုပ်အကိုင်ကို ထုတ်ပြောဖို့ မရှက်ပါနဲ့။ လုပ်ငန်းတစ်ခုလုပ်နေတယ်ဆိုရင် သင့်လုပ်ငန်းကို လူတွေစိတ်ဝင်စားလာအောင် လုပ်ပါ။ ဒီလို စိတ်ဝင်စားမှုတွေကတဆင့် အခွင့်အလမ်းနဲ့ ပိုက်ဆံတွေရလာနိုင်တယ်ဆိုတာ သတိရပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine